မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်က တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေး

News Image

  • မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်က တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေး

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် နွေဦးပွဲတော်ကျင်းပရန်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ရန် အခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

နွေဦးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးပါဆုံး ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မိသားစုများအတူတကွ ပြန်လည်ဆုံစည်းကြသည့် ထူးခြားသော အခါသမယလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူးကြီး Cao Jing က အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ယမန်နှစ် ဇူလိုင်လတွင် သတ်မှတ်ခဲ့သည်။ ဒီဇင်ဘာလတွင်မူ နွေဦးပွဲတော်နှင့် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်တို့က ယူနက်စကို လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ ယင်းမှာနှစ်နိုင်ငံလုံး၏ ကာလကြာရှည်တည်ရှိနေသော သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှုများကို အသိအမှတ်ပြုလိုက်ခြင်းသာမက ယဉ်ကျေးမှုဖလှယ်ရေးများဆိုင်ရာ ပေါင်းကူးတံတားတစ်စင်းအဖြစ် ရိုးရာပွဲတော်များ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းကူးလူးဖလှယ်မှုများ စဉ်ဆက်မပြတ်မြှင့်တင်လျက်ရှိပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ပြည်သူများ၏ သဘောထားအခြေခံအုတ်မြစ်ကလည်း တစ်နေ့တခြား ခိုင်မြဲတိုးတက်လာကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်- မြန်မာနှစ်နိုင်ငံက နယ်ပယ်အားလုံး၌ ပူးပေါင်း ကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုသည် ကာလ ကြာရှည်စွာ အခိုင်အမာတည်ရှိနေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်က တရုတ်နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင် ခေတ်မီအသွင်ပြောင်းခြင်းလုပ်ငန်းအပေါ် ၎င်း၏ အမြင်ကို အဆိုပါအခမ်းအနား၌ မျှဝေခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုအပေါ် ဂုဏ်ပြုစပ်ဆိုထားသည့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ကာလရှည်ကြာသော အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုရှိပြီး ယဉ်ကျေးမှုနှင့်စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုမှာလည်း နက်ရှိုင်းလျက်ရှိကာ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကလည်း အဆက်မပြတ် တိုးတက်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ယဉ်ကျေးမှုဆိုင်ရာဟောပြောပွဲ၊ တရုတ်-မြန်မာဓာတ်ပုံပြပွဲလည်းပါဝင်သလို တရုတ်ယဉ်ကျေးမှု အမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကိုလည်း ခင်းကျင်းပြသထားပြီး ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ပေါင်းကူးတံတားအဖြစ် ရိုးရာပွဲတော်များ၏ အရေးပါပုံကို မီးမောင်းထိုးပြကာ မြန်မာပြည်သူများအတွက် တစ်မူထူးခြားသော နွေဦးပွဲတော်လှုပ်ရှားမှု အခမ်းအနားအဖြစ်လည်း ဖော်ဆောင်ပေးလျက်ရှိသည်။

ယင်းအခမ်းအနားကို မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ