ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပေး
ဇန်နဝါရီ ၂၇မှ ၃၁ ရက်အထိ ငါးရက်တိုင်တိုင် (တနင်္လာနေ့မှ သောကြာနေ့အထိ) နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီ၄ဝ မှ ဆေးဝါးမျိုးစုံတို့အား ပါဝင်ပြသရောင်းချပွဲကျင်းပလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆေးဝါးများဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်းများနှင့် အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင် ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသောအလားတူဆေးဝါးများအား စိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်လမ်းညွှန်မှုပြုပေးနိုင်ရန် ပြပွဲတွင်ဆရာဝန်နှင့် ဆေးဝါးနားလည်ကျွမ်းကျင်သူများအားထားရှိကာ ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည်ဖြစ်သည်။
“ဆေးဝါးတွေကို အလွယ်တကူရရှိနိုင်ဖို့အတွက် အလှည့်ကျဆရာဝန်တွေလည်း ရှိပါတယ်။ ဥပမာ ဒီဆေးသောက်ချင်တယ်ဆိုရင် ဆေးကိုလည်းရှာပေးမယ် သို့သော် မရှိခဲ့ဘူးဆိုရင်လည်း ဒီဆေးနဲ့အလားတူ သောက်လို့ရမယ်ပေါ့။ Brand ကွာမယ်၊Chemical တူမယ့်ပုံစံမျိုးကို ကူညီရှာဖွေပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီးဆေးဝါးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း သေသေချာချာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ကတော့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ဆေး၊ အားဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ အပူကျဆေး၊ ချောင်းဆိုးပျောက်ဆေး စသဖြင့်ဆေးဝါးမျိုးစုံကို တစ်နေရာတည်းမှာရရှိနိုင်မှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် လာမည့်ဖေဖော်ဝါရီလအတွင်းပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကိုထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှသုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီးဆေးဝါးသုံးစွဲသူပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား အဆိုပါဆေးဝါးအရောင်းစင်တာများတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကို ပထမအကြိမ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လတို့တွင် ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal