အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တိုက်ရိုက်လေကြောင်းပျံသန်းရေး သဘောတူညီချက် ရယူနိုင်ခဲ့
အိန္ဒိယနှင့်တရုတ်တို့သည် ငါးနှစ်ကြာဆိုင်းငံ့ထားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် မူအားဖြင့်သဘောတူညီခဲ့ကြပြီး နယ်နိမိတ်ပြဿနာများကြောင့် နှစ်ရှည်လများ တင်းမာနေသည့် နှစ်နိုင်ငံဆက်ဆံရေး ရှေ့သို့ခြေလှမ်းသစ် လှမ်းလာနိုင်ခဲ့သည်။ နိုင်ငံခြားရေးအတွင်းဝန် Vikram Misri သည် ပေကျင်းသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့တွင် အဆိုပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။
Covid-19 ကပ်ရောဂါကြောင့် အိန္ဒိယနှင့်တရုတ်ကြား တိုက်ရိုက်လေကြောင်းဆက်သွယ်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ၏ တပ်ဖွဲ့များအကြား ပဋိပက္ခများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ယိုယွင်းခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် နယူးဒေလီနှင့် ပေကျင်းတို့သည် အငြင်းအခုံဖြစ်နေရာများမှ ဆွေးနွေးညှိနှိုင်းမှု သဘောတူညီချက်တစ်ရပ်ကို ရယူကြေညာနိုင်ခဲ့ပြီး ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြသည်။ ရုရှားနိုင်ငံ၊ Kazan ၌ BRICS အကြိုထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်နှင့် နာရိန္ဒြာမိုဒီတို့ နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း နယ်စပ်ပြဿနာများနှင့် သံတမန်ရေးရာကိစ္စရပ်များအား ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါသည်။ အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် တရုတ်နိုင်ငံ၏တောင်းဆိုမှုကို နယူးဒေလီက ပယ်ချခဲ့ဖူးကြောင်း သိရသည်။
ပေကျင်း၌ ဇန်နဝါရီ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ ဆွေးနွေးမှုများအပြီးတွင် တိုက်ရိုက်ပျံသန်းမှု ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့ပြီး အောက်တိုဘာလ တွေ့ဆုံဆွေးနွေးမှု နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအကြိမ် ဆွေးနွေးပွဲများအတွင်း နှစ်နိုင်ငံအကြား တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆိုင်ရာခြေလှမ်းအချို့ကို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြပြီး စီးပွားရေးနှင့်ကုန်သွယ်မှုနယ်ပယ်များရှိ အထူး စိုးရိမ်မှုပြဿနာများကို ဖြေရှင်းရန်နှင့် ရေရှည်အတွက် မူဝါဒများ၌ ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးခဲ့ကြကာ ဘုရားဖူးခြင်း၊ မီဒီယာနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၌ အပြန်အလှန်ဆက်ဆံရေးများ ပြန်လည်စတင်ခြင်းလည်း ပါဝင်သည်ဟု နယူးဒေလီကဖော်ပြထားသည်။
တရုတ်-အိန္ဒိယဆက်ဆံရေးတိုးတက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုသည် နှစ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားများနှင့်ကိုက်ညီပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးကာ အာရှဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေးကို အထောက်အကူဖြစ်စေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-RT
ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/2047