ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့အပေါ် အခွန်စည်းကြပ်သတ်မှတ်ရန် အမေရိကန် ကြေညာ

News Image

  • ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့အပေါ် အခွန်စည်းကြပ်သတ်မှတ်ရန် အမေရိကန် ကြေညာ

အမေရိကန်နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းအခြေချ နေထိုင်သူများနှင့်မူးယစ်ဆေးဝါး စီးဝင်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟုဆိုကာ အမေရိကန်သမ္မတ Donald Trump က ကနေဒါ၊ မက္ကဆီကိုနှင့်တရုတ်တို့အပေါ် အခွန်စည်းကြပ်သတ်မှတ်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပါသည်။ ကနေဒါနှင့် တရုတ်အပေါ် အခွန်စည်းကြပ်မှုသည် ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောပါသည်။

ကနေဒါသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် စွမ်းအင်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ မက္ကဆီကိုသွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး တရုတ်မှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည် ဖြစ်ပါသည်။

အဆိုပါစီမံချက်များကို International Emergency Economic Powers Act (IEEPA) အရ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ၎င်းအက်ဥပဒေအရ နိုင်ငံ့လုံခြုံရေးနှင့် စီးပွားရေးအပေါ် ကျရောက်လာသည့် ပုံမှန်မဟုတ်သော၊ တစ်မူထူးခြားသည့် ခြိမ်းခြောက်မှုတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သမ္မတအနေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီးနောက် သွင်းကုန်နှင့် ပို့ကုန်များကို ထိန်းညှိပိုင်ခွင့်ရှိပါသည်။

“တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် လူ့အသက် ဆုံးရှုံးစေသည့် fentanyl ဆေးအပါအဝင် မူးယစ်ဆေးဝါးများကြောင့် ဖြစ်ပေါ်လာသည့် တစ်မူထူးခြားသောခြိမ်းခြောက်မှု” သည် IEEPA အရ ထုတ်ပြန်နိုင်သော နိုင်ငံတော်အရေးပေါ်အခြေအနေနှင့်အကျုံးဝင်သည်ဟု အိမ်ဖြူတော်က ပြောပါသည်။

ထရမ့် က တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများ နှင့် fentanyl အပါအဝင် အမေရိကန်နိုင်ငံသားများကို သေစေလောက်သည့် ဆေးဝါးများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြီးကြောင့် အဆိုပါစီမံချက်များကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လူမှုကွန်ရက်ပို့စ်တစ်ခု၌ ဖော်ပြခဲ့ပါသည်။

၎င်းက “မိမိတို့အစိုးရအနေဖြင့် အမေရိကန် ပြည်သူများကို ကာကွယ်ရန်လိုအပ်ပြီး အားလုံးဘေးကင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်ရန် သမ္မတ တစ်ယောက် အနေဖြင့် မိမိတွင် တာဝန်ရှိသည်” ဟု ရေးသားခဲ့ပါသည်။

ကိုးကား-Myanmar National Post