မန္တလေးမြို့တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို လိုက်လံသတ်ဖြတ်နေသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
မန္တလေးမြို့အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများကို လိုက်လံလုပ်ကြံသတ်ဖြတ်နေသည့် အကြမ်းဖက်လူသတ်သမား PDF များကို လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
လုံခြုံရေးတာဝန်ရှိသူများသည် သက်သေများနှင့်အတူ အကြမ်းဖက် PDF သတင်းအရ ၂-၂-၂၀၂၅ ရက်နေ့ ၂၀:၃၀ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက်၊၁၁၃ လမ်း၊ ၄၈×၄၉ လမ်းကြားရှိ နန်းဝင်းစိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နန်းဝင်းစိုး၊ ၃၈နှစ်၊ (ဘ)ဦးစိုး၊ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူနှင့် မင်းခန့် (ခ)ဂူးဂူး၊ ၂၀နှစ်၊(ဘ) ဦးဝေညွန့်၊ ဆေးသုတ် လုပ်ကိုင်သူ တို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နေထိုင်သော နေအိမ်အတွင်းမှ ၉ မမကျည် ၁တောင့် အား ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါကျည်နှင့်ပတ်သက်၍ နန်းဝင်းစိုးအား စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးနှင့် ပစ္စတိုသေနတ်များအား တစ်ရပ်ကွက် တည်းနေထိုင်သူ အောင်အောင်(ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ၂၀:၄၅ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃လမ်း၊ ၄၇×၄၈ လမ်းကြားရှိ အောင်အောင် (ခ) အောင်လေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်အောင်(ခ) အောင်လေး၊ ၃၆နှစ်၊ (ဘ) ဦးတင်မောင်မြင့်ထွန်း၊ ဆင်းတုတော် လုပ်ငန်းလုပ်ကိုင်သူအားဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေ အိမ်အတွင်းမှ MG-1 ပလပ်စတစ် လက်ပစ်ဗုံး ၁၁လုံး၊ 91 လက်ပစ်ဗုံး ၁လုံး၊ တရုတ်လက်ပစ်ဗုံး ၁လုံး၊ လက်လုပ်ပစ္စတို ၄လက်၊ LUGER ကျည် ၁၇ တောင့် တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
နန်းဝင်းစိုးအား ဆက်လက်စစ်ဆေးခဲ့ရာ မြိုင်မြို့နယ်နေထိုင်သူ အောင်ခန့်(စိစစ်ဆဲ)နှင့်အတူ သေဆုံးသူရာအိမ်မှူး ဦးဝင်းဦးနှင့် ဒဏ်ရာရရှိသူ သူရိန်ဝင်း(ခ) ပြည်ကြီးတို့ (၂) ဦး အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်းနှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုးကား-Myanmar National Post