တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်တင် မော်တော်ယာဉ် သုံးစီးအား တားဆီးကာ မော်တော်ယာဉ်ပေါ်၌ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား အကြမ်းဖက်လုယက်မှုများ လုပ်ဆောင်

News Image

  • တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကုန်တင် မော်တော်ယာဉ် သုံးစီးအား တားဆီးကာ မော်တော်ယာဉ်ပေါ်၌ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား အကြမ်းဖက်လုယက်မှုများ လုပ်ဆောင်

04 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ဒေသတွင်း ကုန်စည်ပို့ဆောင်ပေးလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသည်တင်မော်တော်ယာဉ်များ တားဆီးကာ ခရီးသွားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၅ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာနေ ဦးဇော်မိုး(၃၅)နှစ် မောင်းနှင်ပြီး မြိတ်မြို့၊ အလယ်ကျွန်း ရပ်ကွက်နေ ကိုကျော်လင်းထွဋ်(၂၇)နှစ် လိုက်ပါလာသည့် 8F/4209 CANTER ခြောက်ဘီး ကုန်တင် မော်တော်ယာဉ်၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်နေ ဦးဇော်လတ်(၄၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးသူရိန်စိုး(၃၅)နှစ် လိုက်ပါလာသည့် 4F/XXXX CANTER ခြောက်ဘီးကုန်တင်မော်တော် ယာဉ်နှင့် မြိတ်မြို့၊ ရှမ်းချောင်းကျေးရွာနေ ကိုစိုးထက်အောင်(၂၈)နှစ် မောင်းနှင်ပြီး တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်နေ ကိုမျိုးအေး(၂၂)နှစ် လိုက်ပါလာသည့် 6N/XXXX DYNA ခြောက်ဘီးကုန်တင် မော်တော်ယာဉ်များသည် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ ဆန်အိတ်နှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်၍ မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၁၃ ဦးခန့်(စိစစ်ဆဲ)က မော်တော်ယာဉ်များအား တားဆီးရပ်တန့်ခိုင်းကာ ကုန်တင်မော်တော်ယာဉ် သုံးစီးပေါ်မှ ဆန် ၂၄ ပြည်ဝင်အိတ် ၁၇၉ အိတ်၊ ဆန် ၅ ပြည်ဝင်အိတ် ၂၅ အိတ်နှင့်စားသောက်ကုန်ပစ္စည်းများအား လုယက်ယူဆောင်ကာ လူနှင့် မော်တော်ယာဉ် များအား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ကုန်တင်ယာဉ်များအား အကြမ်းဖက်လုယက်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA