EU နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဖြစ်က အောင်နိုင်သူမှာ တရုတ် ဖြစ်မည့်အကြောင်း အီးယူ အကြံပေး သတိပေး
EU နိုင်ငံများနှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိပြီး ထိုဖြစ်စဉ်ကြောင့် အကျိုးအမြတ်ရရှိမည်မှာ တရုတ်နိုင်ငံဖြစ်နိုင်ကြောင်း EU နိုင်ငံခြားရေးအကြံပေး အကြီးအကဲ Kaja Kallas က သတိပေးလိုက်ပါသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဥရောပနိုင်ငံများသည် အမေရိကန်ထံမှ မိုဘိုင်းဖုန်းများနှင့် လယ်ယာထွက်ကုန်များ ဝယ်ယူမှု မရှိကြကြောင်း အကြောင်းပြကာ ဥရောပနိုင်ငံများမှ တင်သွင်းလာမည့် ကုန်ပစ္စည်းများကို မကြာမီအချိန်တွင်အခွန်တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းပြောကြားထားမှုအပေါ် ဖေဖော်ဝါရီ ၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် EU အဖွဲ့ဝင်များ၏ informal ညီလာခံတွင် သူမက သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
နှစ်ဖက်တင်းကြပ်မှုသည် တရုတ်နိုင်ငံအတွက် အားသာချက်ဖြစ်နိုင်ပြီး EU နှင့် အမေရိကန်အတွက် ကုန်ပစ္စည်းများစျေးနှုန်းမြှင့်မားမှုများနှင့် အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ၊ အမေရိကန်နှင့် EU သည် အပြန်အလှန် ဒွန်တွဲနေကြောင်း သူမက ပြောကြားထားသည်။
ကိုးကား- TASS