ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်မည်သူမည်ဝါ အတိအကျ ဖော်ပြ မထားသူများထံ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ပေးချေနေမှုအား စိစစ်တွေ့ရှိရကြောင်း အီလွန်မက်စ် ပြော
အမေရိကန်အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ ခေါင်းဆောင်စီးပွားရေးလုပ်ငန်းရှင် Elon Musk က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန (US Department of the Treasury) သည် မည်သူမည်ဝါ အတိအကျ မသိရှိရသည့် လူပုဂ္ဂိုလ်များထံသို့ နှစ်စဉ် ၁၀၀ ဘီလီယံ ဒေါ်လာအား ပေးချေနေသည်ဟု ပြောကြားခဲ့သည်။
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်သော အစိုးရ ထောက်ပံ့ငွေများ (entitlement payments) ကို လူမှုလုံခြုံမှုနံပါတ် (SSN) သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံသည့် ယာယီ ID တစ်ခုမျှ မရှိသောသူများထံသို့ ပေးချေထားကြောင်း၊ အလွန်အမင်း သံသယဖြစ်စရာကောင်းကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်း၏ X စာမျက်နှာတွင် ရေးသားထားသည်။
ထို့နောက် DOGE အဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် အစိုးရ၏ ငွေပေးချေမှုတိုင်းတွင် ငွေပေးချေမှု အမျိုးအစားကုဒ် (payment categorization code) ထည့်သွင်းရန် သဘောတူခဲ့ကြပြီး ဘဏ္ဍာရေး ဆိုင်ရာ စာရင်းစစ်ဆေးမှုများ (financial audits) ခံယူရန် ဆုံးဖြတ်ခဲ့ ကြကြောင်း ၎င်း၏ X စာမျက်နှာတွင် ထည့်သွင်း ပြောကြားထားသည်။
ထို့အပြင် ငွေပေးချေမှုတိုင်းတွင် အကြောင်းပြချက်၊ လိမ်လည်မှု ကျူးလွန် ထားသူ ဟုတ်၊ မဟုတ်၊ ကွယ်လွန်ပြီးသူ ဟုတ်၊ မဟုတ်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေကြောင်း သံသယဖြစ်ဖွယ် ရှိ၊ မရှိ၊ ကွန်ဂရက်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စသည့် အချက်များ ထည့်သွင်းဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။
ကိုးကား- TASS