ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရန်အကူအညီပေးသူများအား ဒေါ်လာသန်း ၁၄၀ အထိ ပေးအပ်မည်ဟု ByBit ကြေညာ
ဒူဘိုင်းအခြေပြု Cryptocurrency exchange ကုမ္ပဏီကြီးဖြစ်သည့် ByBit က ၎င်းတို့၏ ဝန်ဆောင်မှုစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးပေးနိုင်ရန် အကူအညီပေးသူများအား ဆုငွေအဖြစ် ဒေါ်လာသန်း ၁၄၀ အထိ ပေးအပ်မည်ဟုကြေညာသည်။
ByBit ကုမ္ပဏီသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး Cryptocurrency ခိုးယူမှုဟုယူဆရသည့်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး ဟက်ကာများသည် နေ့စဉ်ရောင်းဝယ်မှုပြုလုပ်နေသည့် warm wallet ဟုအမည်ပေးထားသည့် ဒစ်ဂျစ်တယ်ငွေကြေးသိုလှောင်မှုစနစ်ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထိန်းချုပ်၍ ယင်းစနစ်မှ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ငွေကြေးနှင့်လဲလှယ်နိုင်သည့် ဒစ်ဂျစ်တယ် ငွေကြေးများကို ခိုးယူသွားခြင်းဖြစ်သည်။
ထို့ကြောင့် ဒစ်ဂျစ်တယ်ငွေကြေးများအား ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရေးအတွက် အကူအညီပေးနိုင်သူအား ခိုးယူခံရသည့်ငွေကြေး၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဆုငွေအဖြစ်ပေးအပ်မည်ဟု ByBit တည်ထောင်သူ ဘန်ကျူက ၎င်းတို့၏ဝက်ဆိုက်၌ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာခြင်းဖြစ်သည်။
ယခုဖြစ်ပွားသည့် ဆိုက်ဘာတိုက်ခိုက်မှုသည် ByBit ကုမ္ပဏီအတွက်သင်ခန်းစာဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးစနစ်ကို ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
Ref: Ivt
Source: Myawady Web Portal