စစ်ပွဲကို အဆုံးသတ်မည့်ဆွေးနွေးပွဲများတွင် ယူကရိန်း ပါဝင်ရမည်ဟု ကနေဒါဝန်ကြီးချုပ် နှင့် ယူကရိန်းသမ္မတတို့ ပြော
ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်သော မည်သည့်ဆွေးနွေးပွဲများတွင်မဆို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းနိုင်ငံပါဝင်ရမည်ဟု ကနေဒါဝန်ကြီးချုပ် ထရူးဒူး နှင့်ယူကရိန်း သမ္မတဇီလန်စကီးတို့က ပြောကြားခဲ့ကြောင်းသိရသည်။
ထရူးဒူးနှင့်ဇီလန်စကီးတို့သည် လွန်ခဲ့သောရက်ပိုင်းက လုပ်ဆောင်ခဲ့သည့် ဖုန်းခေါ်ဆိုမှုအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်အတွက် တွန်းအားပေးလျက်ရှိပြီး အမေရိကန် ၏ မိတ်ဖက်နိုင်ငံများနှင့် ယူကရိန်းတို့ ပါဝင်ခြင်းမျိုး မရှိသော ဆွေးနွေးပွဲ ကို လွန်ခဲ့သည့်သီတင်းပတ်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် ယူကရိန်းပါဝင်ခြင်းမရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် လုပ်ဆောင်ခဲ့ကြပြီးနောက် ဇီလန်စကီး နှင့် ထရူးဒူးတို့၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရူးဒူး ၏ ရုံးက “ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်အတွက် လုပ်ဆောင်သည့် မည်သည့် ဆွေးနွေးပွဲများတွင်မဆို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းနိုင်ငံ ပါဝင်ရမည်ဟု ဇီလန်စကီးနှင့် ထရူးဒူး တို့က အလေးပေးပြောကြားခဲ့ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။
ကနေဒါနိုင်ငံသည် ယူကရိန်း၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်းကို အခိုင်မာဆုံး ထောက်ခံခဲ့သည့်နိုင်ငံများအနက် တစ်နိုင်ငံလည်းဖြစ်သည်။ ဇီလန်စကီးနှင့် ဖုန်းခေါ်ဆိုမှုအတွင်း ထရူးဒူးသည် ယူကရိန်းအတွက် ကနေဒါ၏ ထောက်ခံမှုများကို ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းအတွက် လုံခြုံမှုမရှိပါက ဥရောပတွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ကိုးကား-NP News