Citigroup ဘဏ်က ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်း လွှဲပြောင်းပေးခဲ့
အမေရိကန်ဘဏ်ကြီးတစ်ခုဖြစ်သည့် Citigroup ဘဏ်သည် ဘဏ်ဝန်ဆောင်မှုရယူသူ ကာစတန်မာတစ်ဦးထံသို့ ဒေါ်လာ ၂၈၀ လွှဲပြောင်းပေးရမည့် အစား ဒေါ်လာ ၈၁ ထရီလီယံကို မှားယွင်းလွှဲပြောင်း ပေးခဲ့ ကြောင်း Financial Times က ဖေဖော်ဝါရီ လ ၂၈ ရက်တွင်ဖော်ပြသည်။
အဆိုပါငွေကြေးလွှဲပြောင်းမှုကို ဘဏ်ရှိ အမှုထမ်းနှစ်ဦးက သတိထားခြင်းမရှိဘဲ အတည်ပြုပေးခဲ့သော်လည်း တတိယမြောက် အမှုထမ်းက ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ပြီး တစ်နာရီခွဲအကြာမှ သတိပြုမိခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။
သို့ရာတွင် ဘဏ်ရှိငွေကြေးလွှဲပြောင်းမှု ထိန်းချုပ်ရေးစနစ်က ငွေစာရင်းနှစ်ခုကြား ငွေကြေးလွှဲ ပြောင်းမှုဆိုင်ရာ အချက်အလက် မှားယွင်းနေသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် အဆိုပါငွေကြေးလွှဲပြောင်းမှုကို ထိန်းချုပ်မှုစနစ်က ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် Citigroup ဘဏ်၌ လွန်ခဲ့သည့်နှစ် အတွင်းကဖြစ်ပွားခဲ့သော်လည်း ယခုမှသာ ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါဘဏ်မှ တာဝန်ရှိသူများသည် ယခုအခါ အလားတူဖြစ်စဉ်မျိုးဖြစ်ပွားခြင်း မရှိစေရန်အတွက် အလိုအလျောက်ငွေကြေးလွှဲပြောင်းမှု အတည်ပြုသည့် လုပ်ငန်းစဉ်တစ်ရပ်အား အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။
Source: Myawady Web Portal