ရုရှားနှင့်အမေရိကန်တို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေး ပြန်လည်စတင်ရန် ရုရှားအဆိုပြု

News Image

  • ရုရှားနှင့်အမေရိကန်တို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေး ပြန်လည်စတင်ရန် ရုရှားအဆိုပြု

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား လေကြောင်းတိုက်ရိုက် ပျံသန်းရေးကို ပြန်လည်စတင်ရန် ရုရှားနိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုကို ပြန်လည်စတင်ရန် ရုရှားနှင့် အမေရိကန်အရာရှိများကြား တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်က ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲ၌ ရုရှားအရာရှိများက အဆိုပြုလိုက်ခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား လေကြောင်းပျံသန်းမှုကို ပြန်လည်စတင်ရန် ရုရှားက အဆိုပြုခဲ့ခြင်းသည်  ရုရှားနှင့် အမေရိကန်တို့ကြား ဆက်ဆံရေး  ပုံမှန်ပြန်ဖြစ်ရေးအတွက် ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် ၂၀၂၂ ခုနှစ်မှစ၍ ၎င်းတို့၏လေကြောင်းလိုင်းများအား ရုရှားနိုင်ငံသို့ပျံသန်းခြင်းကို   ရပ်ဆိုင်း၍ နိုင်ငံ၏ဝေဟင်ပိုင်နက်ကိုလည်း   ရုရှားလေကြောင်းလိုင်းများအား အသုံးပြုခွင့် ရပ်စဲခဲ့သည်။

အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံကလည်း   ဥရောပသမဂ္ဂနိုင်ငံများနှင့် ကနေဒါတို့အပါအဝင် မိတ်ဆွေမဟုတ်သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအပေါ် ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ အဆိုပါတားမြစ်ပိတ်ပင်မှုကြောင့် ဥရောပရှိ အချို့နိုင်ငံများသည် ၎င်းတို့၏ လေကြောင်းလိုင်းများအား ပျံသန်းရာတွင် ရုရှား ဝေဟင်ပိုင်နက်ကို ရှောင်ရှား၍ သွားလာရခြင်းကြောင့် လောင်စာဆီပိုမိုသုံးစွဲရပြီး ကုန်ကျစရိတ်ကို ပိုမိုမြင့်မားစေခဲ့ကြောင်း သိရသည်။

Source: https://myawady.net.mm/