ဇီလန်စကီးအနေဖြင့် အိမ်ဖြူတော်ကို တရားဝင် တောင်းပန်ရန်လိုအပ် ဟုဆို

News Image

  • ဇီလန်စကီးအနေဖြင့် အိမ်ဖြူတော်ကို တရားဝင် တောင်းပန်ရန်လိုအပ် ဟုဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးသည် အမေရိကန်နှင့် ရှားပါးသတ္တုသဘောတူညီချက်ဆိုင်ရာညှိနှိုင်းမှုများကို ပြန်လည်စတင်လိုပါက ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယ သမ္မတ J.D. Vance တို့နှင့် ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့က ကျင်းပခဲ့သည့်အစည်းအဝေးအတွင်း ၎င်း၏ ပြုမူဆက်ဆံပုံအတွက် တရားဝင် တောင်းပန်ရန် လိုအပ်မည်ဟု Fox News က အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်တွင် ပြင်းထန်သော အငြင်းပွားမှု မဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်က ကိယက်ဗ်နှင့် ဝါရှင်တန်တို့သည် အမေရိကန်အား ယူကရိန်း၏ သဘာဝသယံဇာတများကို ရယူခွင့်ပြုမည့် သဘောတူညီချက်တစ်ခုကို ညှိနှိုင်းခဲ့ကြသည်။ သို့သော် ဇီလန်စကီးနှင့် အမေရိကန် ခေါင်းဆောင်များအကြား ပြင်းထန်သောအငြင်းပွားမှုကြောင့် အဆိုပါ အစီအစဉ်သည် မရေရာဖြစ်ခဲ့ရသည်။

ဇီလန်စကီးအနေဖြင့် ၎င်း၏ ဘဲဥပုံရုံးခန်းအတွင်း ပြုမူဆက်ဆံခဲ့မှုအတွက် တရားဝင်တောင်းပန်မှု မပြုလုပ်မချင်း အဆိုပါသတ္တု သဘောတူညီချက် နှင့်ပတ်သက်၍ မည်သည့်အရာမျှ ရှေ့ဆက်ဖြစ်လာမည် မဟုတ်ကြောင်း ဝါရှင်တန် အကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့သည်ဟု သိရှိရပါသည်။

ထိုအတောအတွင်း ယူကရိန်းခေါင်းဆောင်ကိုယ်တိုင်က မတ်လ ၂ ရက် (တနင်္ဂနွေ)နေ့က BBC သို့ ပြောကြားရာတွင် ၎င်းသည် ဝါရှင်တန်နှင့် ထိရောက်သော ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။

အိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည့် ငြင်းခုန်မှုအပြီး နာရီ အနည်းငယ်အကြာတွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း ဇီလန်စကီးအား တန်ဖိုးရှိသောအချိန်များကို ဖြုန်းတီးခဲ့ခြင်းနှင့် ဆိုးရွားသော ရလဒ်များအတွက် တောင်းပန်သင့်သည် ဟု အကြံပြုခဲ့သည်။ 

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂