အမေရိကန် ကုမ္ပဏီ Group က ပနားမားတူးမြောင်း ဆိပ်ကမ်းများကို ဝယ်ယူမည်

News Image

  • အမေရိကန် ကုမ္ပဏီ Group က ပနားမားတူးမြောင်း ဆိပ်ကမ်းများကို ဝယ်ယူမည်

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုသည် ပနားမားတူးမြောင်းရှိ အဓိကဆိပ်ကမ်းနှစ်ခုကို လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုမှ ရှယ်ယာများကို အမေရိကန်ကုမ္ပဏီတစ်ခုက ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူ အဖွဲ့သို့ ရောင်းချရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရေးပါသည့် ရေလမ်းကြောင်းပေါ်တွင် တရုတ်ဩဇာလွှမ်းမိုးမှုရှိသည် ဟု စွပ်စွဲပြီး ဖိအားပေးမှုများ တိုးလာနေချိန်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတက အမေရိကန်လွှတ်တော်နှစ်ရပ်၏ အထူး ပူးတွဲ အစည်းအဝေးတွင် ပနားမားတူးမြောင်းကို ပြန်လည်ရယူရန် ထိရောက်သော သံတမန်ရေးရာ ဖိအားပေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ပနားမားတူးမြောင်းကို အမေရိကန် လူမျိုးများအတွက် အမေရိကန်က ဖန်တီးထားသည့် အရေးပါသည့် အခြေခံ အဆောက်အအုံစီမံကိန်းတစ်ခုဟု ဖော်ပြခဲ့သည်။

အာရှမှကုမ္ပဏီကြီးဖြစ်သည့် CK Hutchison Holdings သည် ပနားမား ဆိပ်ကမ်းကုမ္ပဏီ၏ ရှယ်ယာ ၉၀% ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ BlackRock၊ ၎င်း၏ လက်အောက်ခံ Global Infrastructure Partners နှင့် ဂျီနီဗာအခြေစိုက် ကွန်တိန်နာတင် ဆိပ်ကမ်း အဓိက ကုမ္ပဏီ Terminal Investment တို့ပါဝင်သည့် အဖွဲ့သို့ ရောင်းချရန် သဘောတူညီခဲ့ကြောင်း CK Hutchison နှင့် BlackRock တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပနားမားဆိပ်ကမ်းကုမ္ပဏီသည် တူးမြောင်း၏ ပစိဖိတ်နှင့် အတ္တလန္တိတ် ဝင်ပေါက်များတွင် တည်ရှိသည့် Balboa နှင့် Cristobal ဆိပ်ကမ်းများကို ၂၀၄၇ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂