၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူထက်ဝက်ကျော် အဝလွန်လာနိုင်
နယူးယောက် မတ် ၆
၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူစုစုပေါင်းအနက် ထက်ဝက်ကျော်တို့မှာ အဝလွန်သူများဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ မတ် ၅ ရက်သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ် စုစုပေါင်း၏ သုံးပုံတစ်ပုံတို့မှာလည်း အဝလွန်သူများဖြစ်လာနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားထားသည်။
သို့ရာတွင် ၂၀၅၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တွေ့ကြုံရနိုင်သည့် အဝလွန်မှုပြဿနာကို ကိုင်တွယ်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် အချိန်ရသေးကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူ အမျိုးသားတစ်ဘီလီယံနှင့် အမျိုးသမီး ၁ ဒသမ ၁၁ ဘီလီယံအနက် ထက်ဝက်နီးပါးမှာ ပုံမှန်ထက် ကိုယ်အလေးချိန်လွန်ကဲနေသူ သို့မဟုတ် အဝလွန်သူများဖြစ်နေကြောင်း သိရသည်။
လက်ရှိနှုန်းထားအတိုင်းဆိုပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် အရွယ်ရောက်အမျိုးသားလူဦးရေ၏ ၅၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလူဦးရေ၏ ၆၀ ဒသမ ၃ ရာခိုင်နှုန်းမှာ အဝလွန်သူများဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Source: ရတနာပုံသတင်းစာ