ပြည်ပအကူအညီ ဒေါ်လာနှစ်ဘီလီယံခန့်ကို ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုကို နိုင်ငံတော်တရားရုံးက ပယ်ချ

News Image

  • ပြည်ပအကူအညီ ဒေါ်လာနှစ်ဘီလီယံခန့်ကို ရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုကို နိုင်ငံတော်တရားရုံးက ပယ်ချ

သဘောထားကွဲနေသော နိုင်ငံတော်တရားရုံးချုပ်က မတ် ၅ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်ကို တရားဥပဒေအရ ရှုံးနိမ့်စေခဲ့ပြီး ပြည်ပအကူအညီ အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်ကို ထိန်းချုပ်ရန် ထရမ့်၏ ကြိုးပမ်းမှု ကို ပယ်ချလိုက်သည်။

ထရမ့်အစိုးရအဖွဲ့ကို ဥပဒေကြောင်းအရ စိန်ခေါ်ရာတွင် ထင်သာမြင်သာ ရှိသော ပထမဆုံး စီရင်ဆုံးဖြတ်မှု၌ နိုင်ငံတော်တရားရုံးက ပြည့်စုံနေပြီ ဖြစ်သောအကူအညီ ကန်ထရိုက်များအတိုင်း ငွေပေးချေမှုများကို ပေးရန် လိုအပ်သည်ဟူသော အောက်တရားရုံးအမိန့်ကို ထောက်ခံမဲ ငါးမဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် အတည်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် အမေရိကန်အေဂျင်စီ (USAID) နှင့် ချုပ်ဆိုထားသော ကန်ထရိုက်များအတွက် ငွေပေးချေမှုများကို ပြန်လည် လုပ်ဆောင်ရန်နှင့် အစိုးရက ဖြည့်ဆည်းပေးရမည့် တာဝန်ခံမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်းဖြစ်စေရမည်ဟု ဖက်ဒရယ် တရားသူကြီးတစ်ဦးက ညွှန်ကြားခဲ့သည်ဟု တရားသူကြီးများက ပြောကြား ခဲ့သည်။

ကွန်ဆာဗေးတစ်များဖြစ်သော ဂျွန်ရောဘတ်(တရားသူကြီးချုပ်)၊ အေမီ ကိုနေးဘာရတ် (ထရမ့် ခန့်အပ်ထားသော တရားသူကြီး) တို့က အဖွဲ့ဝင် ကိုးဦးပါသော နိုင်ငံတော်တရားရုံးတွင် လစ်ဘရယ်သမားသုံးဦးနှင့်အတူ မဲပေးခဲ့ကြသည်။

တရားသူကြီး ဆမ်ဝဲလ်အလီတိုက သဘောထားကွဲသည်ဟု ရေးသား ခဲ့သည်။ အခြားကွန်ဆာဗေးတစ်သုံးဦးကလည်း သဘောထားကွဲသည်ဟု ဖော်ပြခဲ့ကြသည်။

“တရားစီရင်ပိုင်ခွင့်ရှိပုံမရသည့် ခရိုင်တရားသူကြီး တစ်ဦးတည်းက (ထာဝရ ဆုံးရှုံးသွားဖို့ရှိသည့်) အခွန်ထမ်း ပြည်သူများ၏ အမေရိကန် ဒေါ်လာနှစ်ဘီလီယံကို အပြတ်ပေးရန် အမေရိကန်အစိုးရအဖွဲ့ကို အတင်းအကြပ် လုပ်စေနိုင်မည့် အတားအဆီးမဲ့ အာဏာရှိနေပါသလား” ဟု အယ်လီတိုက ရေးခဲ့သည်။

“အဆိုပါမေးခွန်းအတွက် အဖြေသည် No ဆိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်သော်လည်း အဆိုပါ တရားရုံး၏ တရားသူကြီးအများစုကအခြားနည်းလမ်းကို စဉ်းစားနေကြောင်း ထင်ရှားနေသောကြောင့် မိမိ အနေဖြင့် အံ့အားသင့်မိပါကြောင်း” ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

ထရမ့်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်ဦးဆောင်သော အစိုးရအဖွဲ့ စွမ်းဆောင်ရည်ဌာနကို ဖွဲ့စည်းခဲ့ကာ အစိုးရအဖွဲ့၏ အချို့သောအပိုင်းများကို ချုံ့ပစ်ခြင်းသို့မဟုတ် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

USAID သည် ဝန်ထမ်းအများဆုံး ထုတ်ပယ်ခံရသော အေဂျင်စီဖြစ်သည်။ USAID သည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးအစီအစဉ်များနှင့် အရေးပေါ် အစီအစဉ်များအတွက် နိုင်ငံ ၁၂၀ ခန့်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖြန့်ဝေပေးနေသော အေဂျင်စီဖြစ်သည်။

USAID ကို အစွန်းရောက်သော အရူးများက လည်ပတ်နေခြင်း ဖြစ်သည် ဟု ထရမ့်က ပြောကြားခဲ့သည်။ အီလွန်မက်ကလည်း USAID သည် အပိုင်းပိုင်းဖြတ်ထုတ်ပစ်ရန် လိုအပ်သည့် ရာဇဝတ် အဖွဲ့အစည်း တစ်ခု အဖြစ် ဖော်ပြခဲ့သည်။

ထရမ့်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအား ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ထောက်ခံသော American Civil Liberties Union (ACLU) က နိုင်ငံတော်တရားရုံး၏ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

“ပြည်ပအကူအညီငွေများကို ရပ်ပစ်မည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုသည် သမ္မတလုပ်ပိုင်ခွင့်အာဏာကို အဆင်ခြင်မဲ့ ရက်စက်သည့် မကြုံစဖူး အလွဲသုံးစားလုပ်မှုဖြစ်ကြောင်း” အမှုဆောင်ဒါရိုက်တာ အန်သိုနီ ရိုမီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ကွန်ဂရက်က တရားဝင်ခွင့်ပြုပေးထားသည့် အစီအစဉ်များအတွက် ရန်ပုံငွေများကို ရပ်ဆိုင်းကြောင်း သမ္မတက တဖက်သတ် ကြေညာခြင်း က သမ္မတထရမ့်အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန် ဆောင်ရွက် နေသည်ဟု အောက်တရားရုံးက မှန်ကန်စွာ ဆုံးဖြတ်ခဲ့ပါကြောင်း” ဟု ရိုမီယိုက ဆက်လက်ဖော်ပြထားသည်။

ကိုးကား- Eleven