ကုလသမဂ္ဂ၏ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေး ဆွေးနွေးပွဲများကို ဩဂုတ်လတွင် ပြန်လည် ကျင်းပသွားမည်
ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချနိုင်မည့် ပထမဆုံးအပြည်ပြည်ဆိုင်ရာစာချုပ်(မူကြမ်း) တစ်ရပ်ကို အတူတကွပူးပေါင်းဖော်ဆောင်နိုင်ရန်အတွက် ယခုနှစ်ဩဂုတ်လအတွင်း ဆွေးနွေးပွဲများပြန်လည် စတင် မည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP)က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးကော်မတီ အစည်းအဝေးများကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်စွန့်ပစ်မှုသည် ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကာလအတွင်း (၂) ဆကျော် မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပလတ်စတစ်ကြောင့်ဖြစ်ပေါ်သည့်ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာဥပဒေအရ စည်းနှောင်မှုရှိသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားရန် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာညှိနှိုင်းရေးကော်မတီမှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောထားကွဲလွဲမှုများအပေါ် ဆွေးနွေး ညှိနှိုင်းနိုင်ခြင်းမရှိသဖြင့် သဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့ရသည်။
အစည်းအဝေးတွင် ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့ဝင်နိုင်ငံက ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်ရန် တိုက်တွန်းခဲ့ကြသော်လည်း ဆီထုတ်လုပ်သည့်နိုင်ငံများက အဆိုပါအချက်ကို ကန့်ကွက်ခဲ့ကြသည်။
လာမည့်ဩဂုတ်လတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေး၌ ယခင်နှစ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက တင်ပြခဲ့သည့် အဆိုပြုမူကြမ်းအပေါ် ဆက်လက်ဆွေးနွေးသွားဖွယ်ရှိပြီး ဝန်ကြီးအဆင့်အစည်းအဝေးဆွေးနွေးပွဲများကိုလည်း ကျင်းပရန် စီစဉ်ထားရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)