အမေရိကန်သို့ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသား၂၄၀၀၀၀ ခန့်၏ ယာယီနေထိုင်ခွင့်များကို ရုပ်သိမ်းရန် ထရမ့်စီစဉ်
ဝါရှင်တန်၊ ပြည်တွင်းရေး
ယူကရိန်းပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသား ၂၄၀၀၀၀ ခန့်၏ ယာယီနေထိုင်ခွင့်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ရုပ်သိမ်းရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို ထရမ့်အစိုးရကယခုနှစ် ဧပြီလအတွင်း စတင်ရန်စီစဉ်ထားပြီး နောက်ပိုင်းတွင် ၎င်းယူကရိန်းနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရအဖွဲ့မှအဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုရှိ ယူကရိန်း နိုင်ငံသားများ၏ ယာယီနေထိုင်ခွင့်အားပြန်လည်ရုပ်သိမ်းမည့် အစီအစဉ်သည်ထရမ့်အစိုးရ၏ နိုင်ငံအတွင်းရှိ တရားမဝင် ဝင်ရောက်လာသူ တိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ယူကရိန်းနိုင်ငံမှအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသားများအား ယခင်ဂျိုးဘိုင်ဒင်အစိုးရက လူသားချင်းစာနာမှုဖြင့်လက်ခံ၍ နိုင်ငံအတွင်း၌ ယာယီနေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။
ထရမ့်အစိုးရသည် ယခုလအတွင်း အမေရိကန်နိုင်ငံအတွင်းရှိ ကျူးဘား၊ဟေတီ၊ နီကာရာဂွါနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ နိုင်ငံသား ၅၃၀၀၀၀ ခန့်၏ ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်း၍ ၎င်းတို့၏ နေရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Ref: Sputnik, DM
Source: https://myawady.net.mm/