အမေရိကန်က တောင်အာဖရိကသို့ထောက်ပံ့နေသော အကူအညီများ အားလုံးရပ်ဆိုင်း
အမေရိကန်သည် တောင်အာဖရိကသို့ ထောက်ပံနေသော ဖက်ဒရယ် ရန်ပုံငွေအားလုံးကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၇ ရက်(သောကြာ)နေ့တွင် ကြေညာခဲ့ပြီး နေထိုင်ရန် မသင့်သော နေရာဟုခေါ်ဆိုကာ ယခုအချိန်၌ ထွက်ခွာလိုသူမည်သူမဆို အမြန်ရွှေ့ပြောင်းနိုင်ရန် ကမ်းလှမ်းခဲ့သည်။
တောင်အာဖရိကရှိ မြေယာပိုင်ဆိုင်မှုဆိုင်ရာ လူမျိုးရေးကွဲပြားမှုများကို ဖြေရှင်းရန် ပြဋ္ဌာန်းထားသော အငြင်းပွားဖွယ်ရာ မြေယာသိမ်းဆည်းရေး ဥပဒေနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ပရီတိုရီးယားအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ထရမ့်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုလအစောပိုင်းတွင် ထရမ့်က ပရီတိုရီးယား၏ ဥပဒေပြဋ္ဌာန်းခဲ့မှုကို တရားမဲ့သောလုပ်ရပ်ဟု ဝေဖန်ခဲ့ပြီး အမေရိကန် အစိုးရ အေဂျင်စီများအား တောင်အာဖရိကသို့ ကူညီထောက်ပံ့မှုများကို ရပ်တန့်ရန် အမိန့် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော မြေယာဥပဒေတွင် တောင်အာဖရိက၏ အများပြည်သူအကျိုးစီးပွားအတွက် မြေယာသိမ်းဆည်းခြင်းကို ခွင့်ပြုထားပြီး အချို့သောကိစ္စများတွင် လျော်ကြေး မပေးဘဲ ခွင့်ပြုထားသည်။ ပရီတိုရီးယားက မြေယာပိုင်ဆိုင်မှုဆိုင်ရာရှည်လျားသော ကွဲလွဲမှုများကိုဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့သည်။ ၂၀၁၇ ခုနှစ် မြေယာစစ်တမ်းတစ်ခုအရ လူဦးရေ၏ ၈% ရှိသော လူဖြူ Afrikaners များသည် တောင်အာဖရိကနိုင်ငံ၏ လွတ်လပ်သော လယ်ယာမြေ၏ ၇၅% နီးပါးကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး လူဦးရေ၏ ၈၀% ရှိသော တောင်အာဖရိက လူမည်းများသည် ၄% သာပိုင်ဆိုင်ကြောင်း သိရသည်။ အစိုးရသည် ၂၀၃၀ ပြည့်နှစ်တွင် လယ်ယာမြေ၏ ၃၀% ကို လူမည်းလယ်သမားများထံသို့ လွှဲပြောင်းပေးရန် ရည်မှန်းချက် ချမှတ် ထားသည်။
ထရမ့်က ဥပဒေသည် Afrikaners များကို မတရားသဖြင့် ခွဲခြား ဆက်ဆံသည်ဟု ဆိုသည်။
တောင်အာဖရိကအစိုးရက ထရမ့်၏ဝေဖန်မှုများကိုပယ်ချခဲ့ပြီး ဥပဒေကို နားလည်မှုလွဲခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂