အမေရိကန်နှင့်ဂျပန်နိုင်ငံကြား မဟာမိတ်စာချုပ်သည် မျှတမှုမရှိဟု အမေရိကန်သမ္မတ ဝေဖန်

News Image

  • အမေရိကန်နှင့်ဂျပန်နိုင်ငံကြား မဟာမိတ်စာချုပ်သည် မျှတမှုမရှိဟု အမေရိကန်သမ္မတ ဝေဖန်

အမေရိကန်နှင့် ဂျပန်နိုင်ငံကြား မဟာမိတ်စာချုပ်သည် မျှတမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံနဲ့ ပတ်သက်ရင် သူတို့ကိုကာကွယ်ပေးရပေမယ့် သူတို့ကတော့ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ပေးစရာမလိုဘူး။ တစ်နည်းအားဖြင့် သူတို့က ငါတို့နဲ့ စီးပွားရေး အရ ချမ်းသာတယ်။ တကယ်မေးတာပါ။ ဒီသဘောတူညီချက်တွေကို ဘယ်သူလုပ်တာလဲ၊ မျှတမှုရှိရဲ့လား” ဟု ပြောသည်။

ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာဟာယာရှီက အမေရိကန် နိုင်ငံအနေဖြင့် ဂျပန်နှင့် အမေရိကန် နိုင်ငံကြားချုပ်ဆိုထားသည့် လုံခြုံရေး သဘောတူညီမှုစာချုပ်ကို လိုက်နာမည်ဟု ယုံကြည်ကြောင်း ပြောသည်။ ဂျပန်နိုင်ငံကို ကာကွယ်ပေးရန်အတွက် ဂျပန်နိုင်ငံတွင် အမေရိကန် စစ်သား အနည်းဆုံး ၅၄,၀ဝဝ ကျော်ရှိနေပြီး အများစုက အိုကီနာဝါကျွန်း တွင် ရှိနေကြောင်းသိရသည်။

လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်နိုင်ငံမှ တင်သွင်းသော အလူမီနီယံနှင့် သံမဏိများကို အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။ ဂျပန်အစိုးရသည် ဂျပန်နိုင်ငံမှ တင်သွင်းသော အလူမီနီယံနှင့် သံမဏိများကို အခွန်ကောက်ခံရန် စီစဉ်မှုများကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

ဂျပန်ကုန်သွယ်ရေးဝန်ကြီးသည် ၎င်းတို့ နိုင်ငံမှတင်သွင်းသော ကုန်စည် များအတွက် အခွန်ကောက်ခံခြင်းကို ကင်းလွတ်ခွင့်ပေးရေး ဆွေးနွေးရန် အတွက် ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံမှ တင်သွင်းသော သံမဏိနှင့်အလူမီနီယံများကို အခွန် ကောက်ခံခြင်းကို လာမည့်သီတင်းပတ်အတွင်း အမိန့်ထုတ်ပြန်မည် ဖြစ်ကြောင်းသိရသည်။ ဂျပန်ကုမ္ပဏီများအနေဖြင့် အခွန်ကောက်ခံခြင်း မခံလိုလျှင် အမေရိကန်နိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံရမည်ဟု အမေရိကန်အစိုးရက ပြောဆိုထားကြောင်းသိရသည်။

ကိုးကား-NP News