ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူများ ရာနှင့်ချီ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရ

News Image

  • ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူများ ရာနှင့်ချီ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရ

ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ကမ်းရိုးတန်းတစ်လျှောက်တွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများတွင် “အလာဝိုက်” လူနည်းစု ပြည်သူများ ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုက ဆိုသည်။

ဗြိတိသျှအခြေစိုက် Syrian Observatory for Human Rights (SOHR) အဖွဲ့က မတ်လ ၇ ရက်နှင့် ၈ ရက် နေ့များတွင် “အလာဝိုက်” လူမျိုးများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုဖြစ်စဉ် ၃၀ ခန့်တွင် ပြည်သူ ၇၄၅ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသော်လည်း BBC သတင်းဌာနအနေဖြင့် သီးခြား စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသခံများစွာသည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည်ဟု သတင်းများရှိခဲ့ပြီး အဆိုပါဒေသသည် အလာဝိုက်ဂိုဏ်းဝင်ဖြစ်သော ဖယ်ရှားခံရသည့် သမ္မတ ဘာရှားအယ်လ်-အာဆက်ကို ထောက်ခံသည့် နေရာလည်းဖြစ်သည်။

SOHR ၏အဆိုအရ ပြီးခဲ့သည့်နှစ်ရက်အတွင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဒီဇင်ဘာလတွင် အာဆက်အစိုးရကို သူပုန်များ ဖြုတ်ချပြီးနောက် ဆီးရီးယားတွင် အဆိုးရွားဆုံးသော အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည်။

SOHR ၏ အစီရင်ခံစာအရ အစ္စလာမ်မစ်ဦးဆောင်သော အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင် ၁၂၅ ဦးနှင့် အာဆက်ကို ထောက်ခံသူ ၁၄၈ ဦးသည် အဆိုပါ အကြမ်းဖက်မှု တွင် သေဆုံးခဲ့သည်။

ထိုအကြမ်းဖက်မှုများကြောင့် အလာဝိုက်လူမျိုးများသည် လွန်စွာ ထိတ်လန့် တုန်လှုပ်နေကြကြောင်း ဒေသခံတစ်ဦးက BBC သို့ ပြောကြားခဲ့ပြီး ပြည်သူများစွာသည် တိုက်ပွဲဖြစ်ပွားရာဒေသများမှ ထွက်ပြေးခဲ့ကြသည် ဟု သတင်းများရှိသည်။

Reuters သတင်းဌာန၏ အဆိုအရ ထွက်ပြေးလာသူများသည် လာတာ ကီးယားရှိ Hmeimim ရုရှားစစ်စခန်းတွင် ခိုလှုံခဲ့ကြသည်။

ထိုအတောအတွင်း မိသားစုများစွာသည် အိမ်နီးချင်းနိုင်ငံ လက်ဘနွန် သို့လည်း ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံမီဒီယာများက ဆိုသည်။

ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် Geir Pedersen က ဆီးရီးယား၏ ကမ်းရိုးတန်းဒေသများတွင် စိုးရိမ်ဖွယ်ရာ ပြည်သူများ သေဆုံးမှုသတင်းများကြောင့် “အလွန်စိုးရိမ်နေကြောင်း” ပြောကြား ခဲ့သည်။

အလာဝိုက်လူမျိုးများသည် ရှီအာအစ္စလာမ်၏ ဂိုဏ်းခွဲတစ်ခုဖြစ်ပြီး ဆီးရီးယား၏ လူဦးရေ၏ ၁၀% ခန့်ကို ကိုယ်စားပြုသည်။ ဆီးရီးယား၏ လူဦးရေအများစုမှာ ဆွန်နီမွတ်စ်လင်များဖြစ်သည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂