SpaceX ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသလွှတ်တင်ရေး ဒုံးပျံ လွှတ်တင်ပြီးနောက် မကြာမီပေါက်ကွဲ
SpaceX အမေရိကန် အာကာသနည်းပညာ ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသ လွှတ်တင်ရေးဒုံးပျံသည် လွှတ်တင်ပြီးနောက်မကြာမီ လေထုတွင်း၌ ပေါက်ကွဲသွားရာ ထွက်ပေါ်လာသည့် အပျက်အစီးများကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း လေကြောင်းခရီးစဉ် ၂၄၀ ခန့်အပေါ် သက်ရောက်စေခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့ (FAA) ကထုတ်ပြန်သည်။
အပျက်အစီးများကြောင့် အာဏာပိုင်အဖွဲ့က လေကြောင်းခရီးစဉ် အများအပြားကို လေကြောင်း ပြောင်းလဲ၍ ပျံသန်းစေခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၇၁ ခုမှာလည်း ခန့်မှန်းခြေအားဖြင့် ၂၈ မိနစ်ခန့် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း FAA က ဆက်လက် ထုတ်ပြန်ထားသည်။
ထို့ပြင် SpaceX ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသလွှတ်တင်ရေးဒုံးပျံ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် FAA က တောင်းဆိုထားသည်။
SpaceX ကုမ္ပဏီသည် Starship အာကာသ လွှတ်တင်ရေးဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ spaceport မှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ စမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လွှတ်တင်စဉ် ဒုံးပျံ၏အထက်ပိုင်း၌ ချွတ်ယွင်းမှုဖြစ်ပွားခြင်းကြောင့် လွှတ်တင်ပြီး ၁၀ မိနစ် အတွင်းမှာပင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။
ယခုဖြစ်ပွားသည့် ဖြစ်စဉ်သည် Starship အာကာသလွှတ်တင်ရေးဒုံးပျံ၏ ဒုတိယအကြိမ်မြောက် မအောင်မြင်မှုဖြစ်ပြီး ဇန်နဝါရီလအတွင်းက လုပ်ဆောင်သည့် စမ်းသပ်မှုအတွင်း၌လည်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများသည် တက်နှင့် ကိုင်ကိုကျွန်းစုများ အပေါ်သို့ ကျရောက်ခဲ့သည်။
Source: https://myawady.net.mm/