တောင်ကိုရီးယား၌ ကျေးရွာကိုမှားယွင်းဗုံးကြဲခဲ့သည့် လေယာဉ်မှူးများကို ရှုံ့ချ
တောင်ကိုရီးယား စစ်တပ်မှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် Nogok-ri ကျေးရွာကို မတော်တဆ ဗုံးကြဲခဲ့မှုကြောင့် လူနည်းဆုံး ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီးပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လေတပ် မှ လေယာဉ်မှူး ၂ ဦးအား အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဖြစ်ရပ်သည် မတ်လ ၆ ရက်နေ့တွင် မြောက်ကိုရီးယား နယ်စပ် အနီး Pocheon ရှိ Nogok-ri အပေါ်တွင် KF-16 တိုက်လေယာဉ် ၂ စီးမှ MK-82 ဗုံး ၈ လုံးကို မှားယွင်းစွာ ဗုံးကြဲခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“စစ်ဌာနချုပ်မှ စုံစမ်းစစ်ဆေးမှုတွင် လေယာဉ်မှူးများ၏ ပစ်မှတ် ကိုဩဒိနိတ်များကို မှားယွင်းစွာ ထည့်သွင်းခဲ့ခြင်းသည် မတော်တဆမှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက Yonhap သတင်းဌာနကို မတ်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ စစ်ဆေးခံနေရသည့် လေယာဉ်မှူးများအား တာဝန်မှ ယာယီရပ်စဲထားပြီး ၎င်းတို့၏ လေယာဉ်မောင်းလိုင်စင်များကို ပြန်လည် သုံးသပ်နေသည်။
မှားယွင်းဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦးအပါအဝင် အနည်းဆုံး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သတ်မှတ်ထားသည့် လေ့ကျင့်ရေးပစ်ခတ်မှု နယ်မြေအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုများကြောင့် အိမ် ၅ လုံး၊ ဘုရားကျောင်း ၁ ခု၊ ဂိုဒေါင် ၁ ခုနှင့် ဖန်လုံအိမ် ၁ ခုအပါအဝင် ပြည်သူ့အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂