ဒူတာတေး အကျဉ်းချခံရသည့် ပထမဆုံးညသည် ICC အတွက် အရေးကြီးသောအခိုက်အတန့်ဖြစ်ခဲ့

News Image

  • ဒူတာတေး အကျဉ်းချခံရသည့် ပထမဆုံးညသည် ICC အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်ခဲ့

ဖိလစ်ပိုင် သမ္မတဟောင်း Rodrigo Duterte အား မတ်လ ၁၂ ရက်နေ့က ခေါ်ဆောင်သွားစဉ် ICC ထောင်ဝန်းအပြင်ဘက်၌ ၎င်းကို ထောက်ခံသူများ က အမျိုးသား အလံများကို ဝှေ့ရမ်းကာ “သူ့ကို ပြန်ခေါ်လာပါ” ဟု အော်ဟစ်ခဲ့ကြသည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော Duterte သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သည်ဟု ICC က စွပ်စွဲထားသည့် ၎င်း၏ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” အတွက် နောင်တမရရှိခဲ့ဟုဆိုသည်။

၎င်းသည် မြို့တော်ဝန် တာဝန်ထမ်းဆောင်စဉ်နှင့် နောက်ပိုင်းတွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား နိုင်ငံအတွင်း ရာဇဝတ်မှုများ ကင်းစင်စေရေးအတွက် ပြတ်ပြတ်သာသား နှိမ်နင်းခဲ့သည်။

တရားဝင်စာရင်းအရ သေဆုံးသူဦးရေမှာ ၆,၀၀၀ ရှိသော်လည်း ၎င်းအား တိုက်ခိုက်လိုသူ လူ့အခွင့်အရေးသမားများက အမှန်တကယ် သေဆုံးသူ ဦးရေသည် သောင်းနှင့်ချီ၍ ရှိနိုင်သည်ဟု စွပ်စွဲကြသည်။

Duterte က မူးယစ်ဆေးဝါးရောင်းဝယ်သူများကို နိုင်ငံတွင်းရှိ လမ်းပေါ်မှ ရာဇဝတ်မှုများကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များက ၎င်း၏မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများတွင် မြို့ပြဆင်းရဲသားလူငယ်များကို ပစ်မှတ်ထားသည့် ရဲများ၏အလွဲသုံးစားမှုများ များပြားနေသည်ဟု စွပ်စွဲထားသည်။

Duterte သည် ICC မှ စွဲချက်တင်ခံရသည့် ပထမဆုံးသော အာရှ သမ္မတ ဟောင်းဖြစ်ပြီး သုံးနှစ်အတွင်း ပထမဆုံးသံသယရှိသူကိုThe Hague သို့ ခေါ်ဆောင်သွားခံရခြင်းဖြစ်သည်။

၎င်းရောက်ရှိလာခြင်းသည် ICC အတွက် အရေးကြီးသော အခိုက်အတန့် ဖြစ်ခဲ့သည်။

ကိုးကား-BBC

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂