ဂျပန်နိုင်ငံတွင် တရားမဝင် ဆိုက်ဘာကာစီနိုများ၌ လောင်းကြေး နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိကြောင်း စစ်တမ်းအရတွေ့ရှိ

News Image

  • ဂျပန်နိုင်ငံတွင် တရားမဝင် ဆိုက်ဘာကာစီနိုများ၌ လောင်းကြေး နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိကြောင်း စစ်တမ်းအရတွေ့ရှိ

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီသည် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်သည့် ပထမဆုံးစစ်တမ်းကို ကောက်ယူခဲ့ပြီး နိုင်ငံအတွင်း လူပေါင်း ၃.၃၆ သန်း ခန့်သည် ဆိုက်ဘာကာစီနိုများတွင် လောင်းကစားလုပ်ခဲ့ကြသည် ဟု ခန့်မှန်းခဲ့ပြီး တစ်နှစ်တာလောင်းကြေးငွေစုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၈.၄ ဘီလီယံခန့်ရှိသည်ဟု ၎င်းတို့ကခန့်မှန်းပါသည်။

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီသည် ဂျပန်နိုင်ငံ၌ လူပေါင်း ၂၇,၀၀၀ ကျော် ပါဝင်သည့် အွန်လိုင်းစစ်တမ်းတစ်ခုကိုပြုလုပ်ခဲ့ပြီး ပါဝင်သူများသည် အသက် ၁၅ နှစ်မှ ၇၉ နှစ်ကြား ဖြစ်ကြပါသည်။ ဂျပန်ဥပဒေအရ ယင်း Online Site များကို စီမံခန့်ခွဲသူသည် အွန်လိုင်းလောင်းကစားကို တရားဝင် ခွင့်ပြုထားသည့် နိုင်ငံရပ်ခြားတစ်နေရာရာ၌ အခြေစိုက်ထားသည့်တိုင်အောင် အွန်လိုင်းလောင်းကစားလုပ်ခြင်းကို တားမြစ်ထားသည်။

ဖြေဆိုသူ ၂ ရာခိုင်နှုန်းက ၎င်းတို့သည် လတ်တလောတွင် အွန်လိုင်းလောင်းကစားဆိုက်များကို အသုံးပြုနေကြောင်း ဖြေကြားခဲ့သည်ဟု ယင်းအေဂျင်စီကပြောပါသည်။ နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁,၉၆၇,၀၀၀ ခန့်သည် အဆိုပါဆိုက်များကို အသုံးပြုနေကြသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းသည်။ ယခင်က အွန်လိုင်းလောင်းကစားလုပ်ခဲ့ကြောင်း ဖြေကြားသူအပါအဝင် စုစုပေါင်း အရေအတွက်သည် ၃,၃၆၈,၀၀၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားသည်။

အွန်လိုင်းလောင်းကစားသူ ၅၀၀ ၏ လစဉ်ပျမ်းမျှလောင်းကြေး ပမာဏသည် ယန်း ၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀) ခန့်ရှိပြီး တစ်နိုင်ငံလုံးမှ သုံးစွဲသူများ၏ နှစ်စဉ်လောင်းကြေး စုစုပေါင်းပမာဏသည် ယန်း ၁.၂၄ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ) ခန့် ရှိကြောင်း ခန့်မှန်းတွေ့ရှိရခြင်းကြောင့် တရားမဝင်လောင်းကစားမှုများ ပျံ့နှံ့နေကြောင်း အဆိုပါစစ်တမ်းကပြသနေသည်ဟု ရဲတပ်ဖွဲ့အေဂျင်စီက ပြောပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂