ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားမှ လိုလားသော အာမခံချက်များကို စာရင်းပြုစုပြောကြား
ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းက စစ်ရေးလှုံ့ဆော်မှု၊ စစ်သားများလေ့ကျင့်ရေးနှင့် လက်နက်ပေးပို့မှုများကို ရပ်တန့်ရန် အာမခံချက်များ လိုလားကြောင်း ဖော်ပြခဲ့ပါသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းပဋိပက္ခတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသော်လည်း ထိုသို့သော အပစ်အခတ် ရပ်စဲမှုကို မည်သို့အကောင်အထည်ဖော်မည်နည်းဆိုသည့် အချက်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း ဖော်ပြခဲ့ပါသည်။
မတ်လ ၁၃ ရက်၊ ကြာသပတေးနေ့တွင် အဆိုပါကိစ္စအား ပြောကြားရာတွင် သမ္မတ ဗလာဒီမာပူတင်က ဖြစ်နိုင်ခြေရှိသော လိုက်လျောမှုများနှင့် နည်းဗျူဟာမြောက် အခက်အခဲများကို သတိပေးခဲ့ပါသည်။
“ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲချိန်အတွင်း ယူကရိန်းက စစ်ရေးလှုံ့ဆော်မှုများ မပြုလုပ်ရန်၊ စစ်သားများကို လေ့ကျင့်မှုများ မပြုလုပ်ရန်နှင့်လက်နက်များ မရယူရန် အာမခံချက်များကိုလည်း မိမိတို့လိုချင်ပါကြောင်း”သမ္မတဗလာဒီမာပူတင်က မော်စကိုတွင် ဘယ်လာရုဇ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။
သမ္မတက ရုရှားတပ်များသည် ရှေ့တန်းစစ်မျက်နှာ ကီလိုမီတာ ၂၀၀၀ နီးပါးအထိ တိုးတက်နေပြီး စစ်ရေးလုပ်ဆောင်မှုများကို ရပ်တန့်ခြင်းသည် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို နှောင့်ယှက်နိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ ယူကရိန်းတပ်များသည် အပစ်အခတ်ရပ်စဲချိန်ကို အသုံးချ၍ ပြန်လည်စုစည်းခြင်း၊ လက်နက်များ ပိုမိုရယူခြင်းနှင့် အသစ် စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်းများ ပြုလုပ် နိုင်ကြောင်း သတိပေးခဲ့ပါသည်။
“အဆိုပါ ရက်ပေါင်း ၃၀ ကို ဘယ်လိုအသုံးချမလဲ။ ယူကရိန်းတွင် အတင်းအကြပ် စစ်ရေးလှုံ့ဆော်မှုကို ဆက်လုပ်ရန်လား။ လက်နက်တပ်ဆင်မှုတွေ ပိုမိုရယူရန်လား။ အသစ်စုဆောင်းထားသည့် တပ်ဖွဲ့များကို လေ့ကျင့်ရန်လား။ သို့မဟုတ် ထိုအချက်အားလုံး မဖြစ်ဘဲနေမည်လား” ဟု သမ္မတ ဗလာဒီမာပူတင် က မေးခွန်းထုတ်ခဲ့ပါသည်။
ထိုကဲ့သို့သော ကျယ်ပြန့်သည့် စစ်မြေပြင်ပေါ်တွင် အပစ်အခတ်ရပ်စဲမှုကို အတည်ပြုရန် ခက်ခဲမည်ဖြစ်ပြီး ချိုးဖောက်မှုများကို အလွယ်တကူအငြင်းပွားနိုင်ကာ နှစ်ဖက်စလုံးအကြား အပြစ်တင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ရန် “ထိန်းချုပ်မှုနှင့် အတည်ပြုမှု” စနစ်များကို သဘောတူညီသင့်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပါ သည်။ သမ္မတပူတင်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ရုရှား၏ Kursk ဒေသသို့ ဝင်ရောက်ခဲ့သည့် ယူကရိန်းတပ်များသည် ယခုအခါ တစ်သီး တခြားဖြစ်နေကြောင်းလည်း ဖော်ပြခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ် ပါက ၎င်းတို့ကို မည်သို့ဆောင်ရွက်မည်နည်းဆိုသည်မှာ မရှင်းလင်းကြောင်း သမ္မတဗလာဒီမာပူတင်က မှတ်ချက်ပြုခဲ့ပါသည်။
“၎င်းတို့က ပြည်သူများကို စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် ၎င်းတို့ကို လွှတ်ပေးရမည်လား။ ယူကရိန်းခေါင်းဆောင်များက ၎င်းတို့ကို လက်နက်ချရန် အမိန့်ပေးမည်လား။ သို့မဟုတ် လက်နက်ချပြီး အကျဉ်းချ ခံမည်လား” ဟု သမ္မတဗလာဒီမာပူတင်က မေးခွန်းထုတ်ခဲ့ပါသည်။
ရုရှားစစ်ဦးစီးချုပ် ဗာလာရီ ဂျီရာဆီမော့ဗ်၏ အဆိုအရ မတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းအထိ ရုရှား၏ တပ်များသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လတွင် ယူကရိန်းတပ်များက သိမ်းပိုက်ထားသည့် နယ်မြေ၏ ၈၆% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသော ယူကရိန်း၏ တပ်ဖွဲ့များကို အဓိကအားဖြင့် “ဝိုင်းရံထား” ပြီး “သီးသန့် ဖြစ်နေ” ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ရုရှားသမ္မတဗလာဒီမာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။
“ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပဋိပက္ခကို အဆုံးသတ်ရန် အယူအဆသည် မိမိတို့ ထောက်ခံသည့် အရာတစ်ခုဖြစ်သည်” ဟု သမ္မတ ဗလာဒီမာပူတင်က အတိအလင်း ပြောကြားခဲ့ပါသည်။
ကိုးကား - RT