တောင်အာဖရိကနိုင်ငံ၏ စီမံကိန်းများအတွက် အထောက်အကူပြုနိုင်ရန် အီးယူက ယူရို ၄ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
အီးယူအဖွဲ့အနေဖြင့် တောင်အာဖရိကနိုင်ငံ၏ စီမံကိန်းများအတွက် အထောက်အကူပြုနိုင်ရန် ယူရို ၄ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၅ ဘီလီယံကျော်) ကို ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
အီးယူအဖွဲ့၏ အဆိုပါရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် အမေရိကန်က တောင်အာဖရိကနိုင်ငံအား ပေးအပ်နေသည့် အကူအညီများကို ဖြတ်တောက်လိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အီးယူအဖွဲ့က ဖော်ဆောင်မည့် စီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေခြင်းမရှိသည့် စွမ်းအင်များ အသုံးပြုနိုင်ရေးအတွက် အသွင်ကူးပြောင်းခြင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်ခြင်း၊ ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်နိုင်ခြင်းတို့ ပါဝင်ကြောင်း ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါလေယန်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။
အဆိုပါထိပ်သီးဆွေးနွေးပွဲသည် အီးယူနှင့် တောင်အာဖရိကတို့ကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရန်အတွက် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်သည်။
လက်ရှိတွင် အမေရိကန်အစိုးရသည် တောင်အာဖရိကနိုင်ငံနှင့် သံတမန်ရေးဆိုင်ရာ တင်းမာမှုကြောင့် တောင်အာဖရိကအစိုးရသို့ ပေးအပ်နေသည့် အကူအညီများကို ဖြတ်တောက်ထားသည်။
Source: https://myawady.net.mm/