မြောက်မက်ဆီဒိုးနီးယားနိုက်ကလပ်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၅၁ ဦး သေဆုံး၊ ဦးရေ ၁၀၀ ကျော် ဒဏ်ရာရရှိ
စကော့ဂျီ မတ် ၁၆
မြောက်မက်ဆီဒိုးနီးယားနိုင်ငံ နိုက်ကလပ်တစ်ခု၌ မတ် ၁၅ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုက်ကလပ်၌ ဂီတဖျော်ဖြေပွဲတစ်ခုအတွက် ပရိသတ်ဦးရေ ၁၀၀၀ ကျော် စုဝေးနေချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများက ပြောကြားထားသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် နိုက်ကလပ်သည် ကိုကာနီအမည်ရှိ မြို့၌ တည်ရှိကြောင်း မြောက်မက်ဆီဒိုးနီးယား တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
ကိုကာနီမြို့ နိုက်ကလပ်အဆောက်အအုံမီးလောင်မှုကြောင့် လူ ၅၁ ဦးသေဆုံးခဲ့ရပြီး ဦးရေ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယား ပြည်ထဲရေးဝန်ကြီး တိုစကော့စကီးက ပြောကြားထားသည်။
နိုက်ကလပ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သူများကို ကိုကာနီမြို့ဆေးရုံနှင့် အနီးရှိ မြို့တစ်မြို့မှ ဆေးရုံများသို့ ခွဲဝေပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ဂီတဖျော်ဖြေပွဲ၌ အသုံးပြုသည့် မီးရှူးမီးပန်းများကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း မီဒီယာများက သုံးသပ်ထားကြောင်း သိရသည်။
ကိုးကား- ရတနာပုံသတင်းစာ
Photo: The Journal