ပူတင်က ကိယက်ဗ်အား Kursk ဒေသရှိ စစ်သားများကို လက်နက်ချခိုင်းရန်တိုက်တွန်း

News Image

  • ပူတင်က ကိယက်ဗ်အား Kursk ဒေသရှိ စစ်သားများကို လက်နက်ချခိုင်းရန်တိုက်တွန်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၄ ရက်(သောကြာ)နေ့တွင် ကျင်းပသော အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွင် ရုရှား၏ Kursk ဒေသတွင် ဝိုင်းခံထားရသော ယူကရိန်းစစ်သားများ၏ အသက်ကို မသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းစစ်သားများ လက်နက်ချပါက ရုရှားဘက်မှ ၎င်းတို့၏အသက်ကို အာမခံပေးမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ဤသည်မှာ ဒုတိယကမ္ဘာစစ်ကတည်းက မမြင်ဖူးသော ကြောက်မက်ဖွယ်သတ်ဖြတ်မှုကြီး ဖြစ်လိမ့်မည်” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့သည်။

ပူတင်က ထရမ့်၏တောင်းဆိုချက်ကို သိရှိပြီးဖြစ်ကြောင်း၊ ရုရှားဘက်မှ ၎င်းကို ထည့်သွင်းစဉ်းစားရန်ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ “၎င်းတို့ လက်နက်ချပါက ရုရှားအနေဖြင့် နိုင်ငံတကာဥပဒေများ၊ ရုရှား ဥပဒေစံနှုန်းများနှင့်အညီ ၎င်းတို့၏ အသက်ကို အာမခံပေးပြီး ဂုဏ်သိက္ခာ ရှိစွာဆက်ဆံပေးမည်” ဟု ပူတင်ကပြောကြားခဲ့သည်။

ပူတင်က ကိယက်ဗ်၏တပ်ဖွဲ့များသည် Kursk ဒေသတွင်းသို့ ဝင်ရောက်စဉ်က ဒေသခံပြည်သူများအပေါ် များပြားသော ရာဇဝတ်မှုများ ကျူးလွန် ခဲ့ပြီး ရုရှားတရားဥပဒေစိုးမိုးရေးအဖွဲ့များက ၎င်းတို့၏လုပ်ရပ်များကို “အကြမ်းဖက်မှု” အဖြစ် သတ်မှတ်ထားကြောင်း ထောက်ပြခဲ့သည်။

အမေရိကန်သမ္မတ၏ တောင်းဆိုချက်ကို “ထိရောက်စွာ လိုက်နာနိုင်ရန်” အတွက် ကိယက်ဗ်သည် ၎င်း၏ စစ်သားများအား လက်နက်ချရန် အမိန့်ပေးရမည်ဟု ပူတင်က ပြောကြားခဲ့သည်။

ကိယက်ဗ်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် Kursk ဒေသတွင်းသို့ ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီး Sudzha မြို့နှင့် ကျေးရွာများစွာကို သိမ်းပိုက်ခဲ့သည်။ ယူကရိန်း၏ ထိုးစစ်ဆင်မှုများကို ရုရှားတပ်ဖွဲ့များက အလျင်အမြန် ရပ်တန့်နိုင်ခဲ့ပြီး Kursk ဒေသရှိနယ်မြေများကိုတစ်ဆင့်ချင်း ပြန်လည် သိမ်းပိုက်ခဲ့သည်။ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ယူကရိန်းက သိမ်းပိုက်ထားသော နယ်မြေ၏ ၈၆% ကို မော်စကို၏တပ်များက ပြန်လည်ရရှိခဲ့ကြောင်း ရုရှားဗိုလ်ချုပ်ကြီး ဗာလာရီ ဂျီရာဆီမော့ဗ်က ပြောကြားခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသော ယူကရိန်းတပ်ဖွဲ့များကို ဝိုင်းပတ်ပိတ်ဆို့ထားကြောင်းနှင့် ယူကရိန်း စစ်သားအရေအတွက်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ပူတင်က မော်စကိုနှင့်ကိယက်ဗ်အကြား စစ်ပြေငြိမ်းရေး သဘောတူညီချက်တစ်ခုမရရှိမီ ဖြေရှင်းရမည့် အဓိကပြဿနာများထဲမှတစ်ခုအဖြစ် Kursk ဒေသရှိ ယူကရိန်းစစ်သားများ၏ ကံကြမ္မာကို ထည့်သွင်းဖော်ပြခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂