ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိ

News Image

  • ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိ

ရွှေဈေးနှုန်းများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်သည့် စိုးရိမ်မှုများ တိုးပွားလာမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက လုံခြုံစိတ်ချ ရသည့်ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေစဉ် မတ်လ ၁၃ရက် (ကြာသပတေး) နေ့တွင် စံချိန်တင်မြင့်တက်လာခဲ့သည်။ ယခုနောက်ဆုံး ရွှေဈေး မြင့်တက်မှု သည် အမေရိကန်မှ ကြားဖြတ်ကောက်ခံမည့် အကောက်ခွန်များနှင့် ပတ်သက်သည့် ကြေညာချက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရွှေဈေးနှုန်းများသည် ချီကာဂိုကုန်သွယ်ရေးစင်တာ (CME) တွင် ဧပြီလ အတွက် ရွှေဈေးသည် မတ်လ ၁၃ ရက်နေ့ညတွင် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၃.၉၀ အထိ ခဏတာ ရောက်ရှိခဲ့ပြီး နောက်ပိုင်း တွင် ၂,၉၈၉.၅၀ ဒေါ်လာသို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ယင်းသည် ရွှေဈေး ၁ အောင်စလျှင် ဒေါ်လာ ၃,၀၀၀ စံချိန်ကို ပထမဆုံးအကြိမ် ကျော်လွန်သွားခြင်း ဖြစ်သည်။ ရွှေဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် ၂၇% တက်လာပြီးနောက် ၂၀၂၅ နှစ်တွင် ယနေ့အထိ ၁၄% နီးပါး တက်လာခဲ့သည်။

“ကုန်သွယ်ရေးတင်းမာမှုများကြောင့် အခြားရင်းနှီးမြှုပ်နှံမှုများတွင် စွန့်စားမှုများကို ရှောင်ရှားလိုသည့် ရင်းနှီးမြှုပ်နှံသူများသည် တင်းမာမှုများ ပိုမို ဆိုးရွားလာနိုင်သည့် အခြေအနေတွင် လုံခြုံစိတ်ချရသည့် ရွှေဈေးကွက်သို့ တစ်ဖန်ပြန်လည်လှည့်နေကြသည်” ဟု IG စျေးကွက်ဗျူဟာပညာရှင် Yeap Jun Rong က Reuters သို့ ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတင်းမာမှုများနှင့်ပတ်သက်သည့် စိုးရိမ်မှုများအပြင် လေ့လာသုံးသပ်သူများသည် ပထဝီနိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြားတွင် ရင်းနှီးမြှုပ်နှံသူများ နှစ်သက်သော ပိုင်ဆိုင်မှုဖြစ်သည့် ရွှေစျေးနှုန်းများ တက်လာခြင်းကို အမေရိကန်ဗဟိုဘဏ်က ငွေကြေးပေါ်လစီဖြေလျှော့မှုအပေါ် ဈေးကစားခြင်းဟု သုံးသပ်ကြသည်။

ကမ္ဘာ့ရွှေကောင်စီ၏ စစ်တမ်းအရ ၂၀၂၄ ခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပတို့၏ ပထဝီနိုင်ငံရေးတင်းမာမှုများတိုးလာခြင်း၊ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်၍ မရေရာမှုများ၊ အတိုးနှုန်းများ လျှော့ချခြင်းနှင့် အဓိကဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများ မြင့်တက် လာခြင်း တို့ကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည်။

စျေးကွက်များအတွင် ဈေးနှုန်းများမတည်ငြိမ်မှုများနှင့်ပတ်သက်၍ သုံးသပ်ချက်တွင် TD Securities ၏ ကုန်စည်ဗျူဟာဌာနမှူး Bart Melek က ဗဟိုဘဏ်များသည် ဒေါ်လာ၏ ရေရှည်တည်တံ့ခိုင်မာမှုနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် မကြာသေးမီနှစ်များအတွင်း ရွှေဝယ်ယူမှု စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂