ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့
ပိုင်အီတာ၊ ထူးခြားဆန်းပြား
ပစိဖိတ်သမုဒ္ဒရာအတွင်း ရက်ပေါင်း ၉၅ ရက်ကြာ မျောပါနေသည့် ပီရူးနိုင်ငံမှ ငါးဖမ်းသမားတစ်ဦးအား အီကွေဒေါသင်္ဘောတစ်စင်းက တွေ့ရှိပြီးနောက် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း မီဒီယာတစ်ခုက မတ်လ ၁၆ ရက်တွင်ဖော်ပြသည်။
အသက် ၆၁ နှစ်အရွယ် မက်ဆီမိုနာပါကက်စထရိုအမည်ရှိ အဆိုပါငါးဖမ်းသမားကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ပီရူးနိုင်ငံတောင်ပိုင်းရှိ မာကိုနာမြို့မှ ငါးဖမ်းလှေတစ်စင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျောက်ကာ သမုဒ္ဒရာအတွင်း မျောပါနေခြင်းဖြစ်သည်။
ကက်စထရို၏ မိသားစုဝင်များနှင့် ငါးဖမ်းသမားများပါဝင်သည့် အဖွဲ့များသည်၎င်းအား ၃ လကြာ လိုက်လံရှာဖွေခဲ့ကြောင်းသိရသည်။
နောက်ဆုံးတွင် ကက်စထရိုအား အီကွေဒေါငါးဖမ်းသင်္ဘောတစ်စင်းမှ အမှုထမ်းတစ်ဦးက အီကွေဒေါနိုင်ငံကမ်းလွန်တွင် တွေ့ရှိပြီးနောက် အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခြင်းဖြစ်သည်။ ငါးဖမ်းသင်္ဘောက ၎င်းအား ပြန်လည်တွေ့ရှိချိန်တွင် ကက်စထရိုမှာရေဓာတ်ဆိုးရွားစွာပြတ်လပ်နေခဲ့ကြောင်းသိရသည်။
ကက်စထရိုသည် သမုဒ္ဒရာအတွင်းမျောပါနေချိန်တွင် မိုးရေကိုသောက်သုံးခဲ့ပြီး အင်းဆက်များ၊ ငှက်များနှင့် လိပ်တစ်ကောင်ကို စားသောက်၍ အသက်ရှင်ရပ်တည်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းသည် ၁၅ ရက်ကြာ အစားအစာမစားရဘဲ ဖြတ်သန်းခဲ့ရကြောင်းသိရသည်။
Ref: Ivt
Source: https://myawady.net.mm/