မော်စကိုက အင်္ဂါဂြိုဟ်စူးစမ်းရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရန် အီလွန်မက် ကို ဖိတ်ခေါ်
ရုရှားနိုင်ငံ၏ နိုင်ငံပိုင်ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Kirill Dmitriev သည် Elon Musk ထံသို့ အင်္ဂါဂြိုဟ်စူးစမ်းရေးလုပ်ငန်းများတွင် အမေရိကန်- ရုရှား ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့သည်။ အမေရိကန် -ရုရှား ဆွေးနွေးပွဲများတွင် စီးပွားရေးသံတမန်အဖြစ် တာဝန်ထမ်းဆောင် နေသည့် Dmitriev က မတ်လ ၁၅ ရက်နေ့က X ၌ ရေးသားခဲ့သည့် ပို့စ် တစ်ခုတွင် နှစ်နိုင်ငံအကြား အာကာသပူးပေါင်းဆောင်ရွက်မှု၏ အရေးပါ ပုံကို “လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက်” ဟု ဖော်ပြခဲ့သည်။
Dmitriev ၏ မှတ်ချက်များသည် Musk ၏ ၂၀၂၆ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ စူးစမ်းရေးခရီးစဉ် အစီအစဉ်များအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ခြင်းဖြစ်သည်။ SpaceX တည်ထောင်သူ Musk က ကုမ္ပဏီ၏ Starship အာကာသယာဉ်သည် လာမည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ ထွက်ခွာ မည်ဖြစ်ပြီး Optimus ဟု အမည်ရသည့် Tesla ၏ လူသားပုံစံစက်ရုပ်ကို သယ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး Musk က လူသားများ အင်္ဂါဂြိုဟ် ပေါ်သို့ ၂၀၂၉ ခုနှစ်တွင် စတင်ဆင်းသက်နိုင်မည်ဟုလည်း ဆိုခဲ့သည်။
“၂၀၂၉ ခုနှစ်ကို အမေရိကန်-ရုရှား အင်္ဂါဂြိုဟ်စူးစမ်းရေးခရီးစဉ် ပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်သင့်ကြောင်းနှင့် မိမိတို့၏နည်းပညာများ သည် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအတွက် အသုံးပြုသင့်ပြီး ဖျက်ဆီးရန် အတွက်မဟုတ်” ဟု Dmitriev က ရေးသားခဲ့သည်။၎င်းက ၂၀၂၅ ခုနှစ် သည် Apollo-Soyuz Test Project ၏ ၅၀ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ထိုစီမံကိန်းသည် ၁၉၇၅ ခုနှစ် ဇူလိုင် လတွင် အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာအာကာသစီမံကိန်းဖြစ်သည်။
Musk သည် Dmitriev ၏ အဆိုပြုချက်ကိုတရားဝင်တုံ့ပြန်မှု မပြုသေးသော်လည်း ထိုအဆိုပြုချက်သည် X အသုံးပြုသူများထံမှ အပြုသဘော ဆောင်သော တုံ့ပြန်မှုများစွာကို ရရှိခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂