အပူချိန်မြင့်တက်မှုက နှလုံးရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်တွင်ဖော်ပြ
အပူချိန်မြင့်တက်မှုသည် ဩစတြေးလျနိုင်ငံရှိပြည်သူများ၌ နှလုံးရောဂါဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာမှုသစ်တစ်ရပ်က မတ်လ ၁၇ရက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ နှလုံးရောဂါဖြစ်ပွားမှုစုစုပေါင်း၏ ၇ ဒသမ ၃ ရာခိုင်နှုန်းသည် အပူချိန်မြင့်တက်မှုကြောင့်ဖြစ်သည်ဟု အဆိုပါလေ့လာမှုသစ်တွင် ဆက်လက်ဖော်ပြထားသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အပူချိန်မြင့်တက်လာမှုကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အက်ဒဲလေးတက္ကသိုလ်နှင့် ဩစတြေးလျသုတေသနကောင်စီမှရှာဖွေလေ့လာမှုအစီအစဉ်က ထောက်ပံ့ပေးထားသည့်လေ့လာမှုတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း၌ အပူချိန်မြင့်တက်မှုအများဆုံးဒေသမှာ တောင်ပိုင်းဒေသဖြစ်ပြီး မြောက်ပိုင်းနယ်မြေများသည် အပူချိန်မြင့်တက်မှုအနိမ့်ဆုံးဖြစ်ကြောင်း လေ့လာမှုအတွင်းဖော်ပြထားသည်။
ထို့ကြောင့် လာမည့်အနာဂတ်တွင် အပူချိန်ဆက်လက်မြင့်တက်လာပါက နိုင်ငံအတွင်း၌ နှလုံးရောဂါဖြစ်ပွားသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး ၂၀၅၀ ပြည့်နှစ်ခန့်တွင် နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု သုတေသီများ ကခန့်မှန်းထားသည်။
ရာသီဥတုပူပြင်းချိန် သို့မဟုတ် အပူချိန်မြင့်တက်ချိန်တွင် လူသားများ၏နှလုံးသည် လူသားများအေးစေရန်အတွက် ပိုမိုအလုပ်လုပ်ဆောင်ရလေ့ရှိပြီး ထိုသို့လုပ်ဆောင်ရခြင်းသည် အန္တရာယ်ရှိကြောင်း၊ အထူးသဖြင့် နှလုံးရောဂါရှိသူများအတွက် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်းအက်ဒဲလေးတက္ကသိုလ် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဆေးဝါးဌာနမှ သုတေသီတစ်ဦးဖြစ်သူ ဘိုင်ပန်ကပြောကြားထားသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေး ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက လာမည့်အနာဂတ်ကာလတွင် နှလုံးရောဂါနှင့် သက်ဆိုင်သည့် လူသေဆုံးမှုများကို ကမ္ဘာ့နိုင်ငံများ၌ လျှော့ချနိုင်မည့်အလားအလာရှိသည်ဟု ဘိုင်ပန်က ဆက်လက် ပြောကြားထားသည်။
Ref: Xinhua
Source: https://myawady.net.mm/