တောင်ကိုရီးယားတွင် ဆေးရုံ ၁၃ ရုံ၏ ကုသမှုပေးရန် ငြင်းဆိုခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူနာတင်ယာဉ်ပေါ်တွင် ကလေးမီးဖွားခဲ့ရ
တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ဆေးရုံ ၁၃ ရုံ၏ ငြင်းဆိုမှုကြောင့် လူနာတင်ယာဉ်တစ်စီးအတွင်း၌ ကလေးမီးဖွားခဲ့ရကြောင်း အင်ချုန်ကယ်ဆယ်ရေး အာဏာပိုင်အဖွဲ့က မတ်လ ၁၇ ရက်တွင် ပြောသည်။
အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးမှာအသက် ၃၀ ကျော်အရွယ်ရှိ ဗီယက်နမ်နိုင်ငံသား တစ်ဦးဖြစ်ပြီး မတ်လ ၁၆ ရက် သန်းခေါင်ယံကျော်တွင် အင်ချုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ မေ့လဲသွားခြင်းကြောင့် ကျန်းမာရေးအာဏာပိုင်အဖွဲ့သို့ အကြောင်းကြားခဲ့သည်။
ယင်းနောက် ကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းအား အင်ဟာတက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆေးရုံမှ ဝန်ထမ်းများက ၎င်းအမျိုးသမီးအား ကုသမှုပေးအပ်ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။
ထို့ပြင် အနီးအနားရှိ ဆေးရုံများကလည်း ၎င်းအား ကုသပေးရန် ငြင်းဆိုခဲ့ရာမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်းအမျိုးသမီးအား လူနာတင်ယာဉ်တစ်စီးအတွင်းသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ၂ နာရီအကြာတွင် ၎င်းအမျိုးသမီးသည် ကျန်းမာသန်စွမ်းသည့် ကလေးငယ်တစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဆေးရုံတစ်ရုံက ကလေးမွေးဖွားပြီးချိန်မှသာ ၎င်းအမျိုးသမီးအား ဆေးကုသမှုပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ref: KT,ST
Source: https://myawady.net.mm/