မြေရှားသတ္တုကဏ္ဍတွင် အမေရိကန် အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းနိုင်သည်ဟု ရုရှားဆို
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက မြေရှားသတ္တု အများအပြားကို ပိုင်ဆိုင်ထားပြီး အဆိုပါသတ္တုများ ထုတ်ယူရေးတွင် အမေရိကန်နှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အထူးသံတမန်ဖြစ်သူ ကီရေး ဒီမီထရီယက်က ပြောသည်။
နိုင်ငံအတွင်းရှိ မြောက်မြားစွာသော မြေရှားသတ္တု အရန်တွင်းများအား ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူရန်အတွက်လည်း ရုရှားနိုင်ငံက အမေရိကန်နှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ရုရှားသမ္မတ၏ အထူးသံတမန် ကီရေး ဒီမီထရီယက်က မတ်လ ၁၈ ရက်တွင် ပြောကြားခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်အစိုးရသည် ရုရှားနှင့် မြေရှားသတ္တုကဏ္ဍ၊ အာတိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကဏ္ဍအများအပြား၌ ပူးပေါင်း လုပ်ဆောင်ရန် စိတ်ဝင်စားလျက်ရှိသည်။
ထို့ကြောင့် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယခင်ဂျိုးဘိုင်ဒင် လက်ထက်က ယိုယွင်းခဲ့သည့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးအား ပြန်လည်ကောင်းမွန် တိုးတက်စေရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/