အမေရိကန်နိုင်ငံ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုး သေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့ဖမ်းဆီး

News Image

  • အမေရိကန်နိုင်ငံ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုး သေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် တစ်လုံးထိုးသေနတ်ကို ဝှေ့ယမ်း၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ခြိမ်းခြောက်ခဲ့သူ တစ်ဦးအား  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည်  မက္ကလင်းမြို့ရှိ CIA ဌာနချုပ်အပြင်ဘက်တွင် မတ်လ ၁၉ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်အတွင်း သေနတ်သမားသည် ၎င်း၏ဦးခေါင်းကိုသာမက ဒေသတွင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းအားလာရောက် ဖျောင်းဖျပြောဆိုခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပါ သေနတ်ဖြင့်ချိန်ခဲ့ကြောင်း အရင်းအမြစ်များက ပြောသည်။

ယင်းနောက် အာဏာပိုင်အဖွဲ့က အဆိုပါသေနတ်သမား အမျိုးသားအား နာရီပေါင်းများစွာကြာ ဖျောင်းဖျပြီးနောက် ၎င်းအမျိုးသားအား မတ်လ ၁၉ ရက်မွန်းလွဲပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖဲဖက်ကောင်တီ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ရဲတပ်ဖွဲ့သည် ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို စစ်ဆေးနေဆဲဖြစ်ပြီး   သေနတ်သမား အမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ 

Source: https://myawady.net.mm/