အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ
အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးသည် မျိုးရိုးဗီဇထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် microRNA မော်လီကျူးများကို ရှာဖွေတွေ့ရှိမှုအတွက် ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။
မက်ဆာချူးဆက် ဆေးကျောင်းမှ ပါမောက္ခ ဗစ်တာအမ်းဘရော့စ်နှင့် ဟားဗက်ဆေးကျောင်းမှ ပါမောက္ခဂယ်ရီရုဗ်ကွန်တို့သည် ပူးတွဲဆုရရှိသူများဖြစ်ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် နိုဘယ်ညီလာခံတွင် ကြေညာခဲ့သည်။
microRNA မော်လီကျူးများသည် မျိုးရိုးဗီဇလုပ်ဆောင်မှုများကို ထိန်းညှိပေးကြောင်း အဆိုပါသိပ္ပံပညာရှင်နှစ်ဦးက တွေ့ရှိခဲ့သည်။ ၎င်းတို့၏ သုတေသနပြုချက်တွင် microRNA သည် လူသားများ၏ မျိုးရိုးဗီဇ ထိန်းညှိမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
နောက်ဆက်တွဲ သုတေသနပြုချက်များအရ microRNA မှ ပုံမှန်မဟုတ်သော ထိန်းညှိမှုသည် ကင်ဆာဖြစ်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများဖွံ့ဖြိုးမှုတွင် မူမမှန်မှုများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
၎င်းတို့နှစ်ဦး၏ ရှာဖွေတွေ့ရှိမှုသည် လူသားများအပါအဝင် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော မျိုးဗီဇစည်းမျဉ်းဆိုင်ရာ နိယာမအသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း ညီလာခံက ပြောကြားခဲ့သည်။ microRNA သည် သက်ရှိများ ဖွံ့ဖြိုးပုံနှင့် လုပ်ဆောင်ပုံအတွက် အခြေခံအားဖြင့် အရေးကြီးကြောင်း သက်သေပြနေသည်ဟုလည်း ညီလာခံက ဆိုသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
Source- မြန်မာ့အလင်း