ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ချ်ဖိုမန် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ရရှိခဲ့သူ ကမ္ဘာကျော်လက်ဝှေ့သမား ဂျော့ခ်ျဖိုမန် (George Foreman) သည် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုမှ ဖော်ပြချက်များအရ သိရှိရသည်။
ဂျော့ခ်ျဖိုမန်ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ မာရှယ်မြို့တွင် မွေးဖွားခဲ့ကာ ဆင်းရဲ နွမ်းပါးသောမိသားစုမှ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ အားကစားကို စိတ်ဝင်စားခဲ့သည်။
ဖိုမန်သည် ၁၉၆၈ ခုနှစ် မက္ကဆီကိုစီးတီးအိုလံပစ်ပွဲတွင် ဟဲဗီးဝိတ်တန်း ရွှေတံဆိပ်ကို ရရှိခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ၎င်း၏ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ် အသက် ၄၅ နှစ်အရွယ်၌ ဒုတိယအကြိမ် ချန်ပီယံဖြစ်လာကာ အသက်အကြီးဆုံး ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာခဲ့ပါသည်။
ဖိုမန်သည် ၁၉၉၇ ခုနှစ်တွင် လက်ဝှေ့ကစားသမားဘဝမှ အနားယူခဲ့ပြီး ၎င်း၏အောင်မြင်မှုများကို အများကချီးကျူးဂုဏ်ပြုခဲ့ကြသည်။ အနားယူပြီးနောက် ၎င်းသည် လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ၎င်း၏အမှတ်တံဆိပ် "ဂျော့ခ်ျဖိုမန်ဂရီးလ်" (George Foreman Grill) ကို ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။
ဂျော့ခ်ျဖိုမန်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကာ ၎င်းကို ချစ်ခင်သူများ ဝန်းရံနေချိန်တွင် အေးချမ်းစွာကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုက ကြေညာခဲ့သည်။
ဂျော့ခ်ျဖိုမန်သည် လက်ဝှေ့အားကစားနယ်ပယ်တွင် ထင်ရှားသော သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏အောင်မြင်မှုများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခဲ့မှုများကြောင့် လူသိများခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂