မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပမည်
ရန်ကုန် မတ် ၂၅
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတာ်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာ အခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးတင်ဝထံမှ သိရသည်။
အဆိုပါ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာအခမ်းအနားကို မဟာသင်္ကြန်ပွဲတော်ကာလအပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် ရွှေတိဂုံစေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓတန်ဆောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရွှေတိဂုံစေတီတော်ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
“မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ ဥပုသ်ပြု သီလယူသူ ဘုရားဖူးတွေ များပြားတဲ့အတွက် ဘုရားကို ပိတ်ရက်မရှိ ဖွင့်ထားမှာဖြစ်သလို တန်ဆောင်းတွေမှာလဲ ဥပုသ်ပြု သီလယူသူတွေကို ဆရာတော်၊ သံဃာတော်တွေက သီလပေးတဲ့ အစီအစဉ်တွေလဲ ရှိပါမယ်။ ရင်ပြင်တော်ပေါ်မှာလဲ နေ့စဉ် ဘာသာရေး အသင်းအဖွဲ့တွေနဲ့ အလှူရှင်၊ စေတနာရှင်တွေက သင်္ကြန်ကာလမှာ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော စတုဒိသာ ကျေးမွေးမဲ့ အစီအစဉ်တွေလဲ ရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ရောက်ရင်တော့ နှစ်ဆန်းတစ်ရက်နေ့ မနက်မှာ အရုဏ်တက်အချိန်အခါကစလို့ စေတီတော်ရဲ့ ဩဝါဒါစရိယ ဆရာတော်တွေကို အရုဏ်ဆွမ်းကပ်လှူတဲ့ အခမ်းအနားနဲ့ စေတီတော်ရဲ့ ရှေးဟောင်းဗုဒ္ဓတန်ဆောင်းမှာ နှစ်ဦး စတုဒိသာ အလှူပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဦးတင်ဝက ပြောပြသည်။
လက်ရှိကာလတွင် ဘုရားဖူးပြည်သူများ တစ်စတစ်စ များပြားလာခြင်းကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်မြတ်ကို နံနက် ၅ နာရီမှ ည ၉ နာရီထိ ဘုရားဖူးချိန်ကို တိုးမြှင့်စီစဉ်ပေးထားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ