ကမ္ဘာ့တတိယမြောက် ဝါး အပေါဆုံးနိုင်ငံဖြစ်ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေရှိလာ
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် ဝါးအပေါဆုံး တတိယနိုင်ငံဖြစ်ခဲ့သော်လည်း လက်ရှိ အခြေအနေတွင် စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း ဝါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှသိရသည်။ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် ဝါးအပေါဆုံးနိုင်ငံဖြစ်ပြီး ဒုတိယမှာ အိန္ဒိယနိုင်ငံဖြစ်ကာ ဝါးမျိုး ရင်း(၂၁)မျိုးကျော်နှင့်မျိုးစိတ်(၁၀ဝ)ကျော်ရှိသည့် မြန်မာနိုင်ငံက တတိယဝါးအပေါဆုံးနိုင်ငံဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ အချက်အလက် များအရ သိရသည်။သို့သော် မြန်မာနိုင်ငံ၌ဝါးများကို ကာကွယ်မှု နည်းပါးလျက်ရှိပြီး စည်းကမ်းမဲ့ ဝါးခုတ်ယူခြင်းများကြောင့် အရည်အသွေးကျဆင်းခြင်းအပြင် ပြုန်းတီးလာကြောင်း သိရသည်။
‘မြန်မာနိုင်ငံအလယ်ပိုင်းတို့ စစ်ကိုင်းတိုင်းတို့၊ပဲခူးတိုင်းတို့ဆိုရင် မျှစ်ကို မြေကြီးထဲမှာစရှိနေ ကတည်းကချိုးတာ။အကုန်ချိုးကြတယ်။ဝါးဖြစ်မယ့်ဟာတွေကို ချိုးတော့ ဝါးတွေမဖြစ်တော့ ဘူးပေါ့။အနုတွေ ကိုခုတ်တဲ့အတွက် ဝါးတောအရည်အသွေးတွေကလည်း ကျသွားတယ်။ နောက်တစ်ချက်က တောင်ယာတွေခုတ်ကြတယ်။ငှက်ပျောတွေ၊ပြောင်းတွေစိုက်မယ်ဆို တောင်ယာတွေခုတ်တဲ့အတွက် ဝါးကလုံးလုံးကိုပျက်သုဉ်းသွားတာပေါ့။အဲဒီတော့ ဝါးတောတွေက တဖြည်းဖြည်းနဲ့ လူတွေနဲ့ဝေးဝေးသွားတာ။ ဝါးတောတွေက အရည်အသွေးကျရုံတင်မကဘူး ပြုန်းတီးလာပြီ။မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ တတိယဝါးအပေါဆုံးနိုင်ငံလို့ပြောပေမယ့် အခုကတော့ အဲဒီစကားတောင်မှန်ပါ့ မလားတောင် မသေချာတော့ဘူး။ပထမက တရုတ်၊ဒုတိယက အိန္ဒိယ၊ တတိယက မြန်မာပေါ့။ အဲဒီသတ်မှတ်ချက်ကတော့ ကြာပြီ’ဟု ဝါးစိုက်ပျိုးထုတ်လုပ်သူ ဦးကျော်ဝင်း က NP News ကို ပြောသည်။ မြန်မာနိုင်ငံတွင် (၂၀ဝ၁) ခုနှစ်မှစ၍ စီးပွားဖြစ်အနေဖြင့် ဝါးပရိဘောဂများကို ထုတ်လုပ်ခဲ့ပြီး ကုလားထိုင်၊စားပွဲ၊ခုတင်၊မှန်တင်ခုံ၊ အဝတ်စင် တို့အပြင် အိမ်အလှဆင်ခြင်းတို့ကိုပါ ဝါးဖြင့် ပြုလုပ်လာခဲ့သည်။ထို့ပြင် ဝါးလက်မှုပစ္စည်းများကို ပြည်ပသို့ တင်ပို့မှုများလည်းရှိနေသည့်အပြင် ဝါးများကိုလည်းတင်ပို့ကြရာ နိုင်ငံတကာဝယ်လိုအား ရှိနေသော်လည်း အရည်အသွေးကျဆင်းမှုများကြောင့် ရောင်းချနိုင်ခြင်းမရှိကြောင်း သိရသည်။
“မိမိတို့နိုင်ငံက ဝါးပေါသော်လည်း စည်းမဲ့ကမ်းမဲ့ခုတ်သည့်အတွက် နိုင်ငံခြားဝင်ငွေရတာ ကလည်း သိပ်ပြီး မပြောပလောက်ဘူး။ ထိုင်း၊တရုတ်နိုင်ငံများတွင် ဘီလီယံ ဘယ်လောက် ဆိုပြီး ရပါသည်။ မိမိတို့အနေဖြင့် ၎င်းတို့၏အစွန်း ထွက်လောက်သာ ရရှိပါသည်။ ဝါးတင်ပို့မှု က ဝယ်လက် မရှိတာမဟုတ်ဘဲ ရောင်းစရာဝါးမရှိခြင်းဖြစ်ပါသည်။ ရောင်းစရာဝါးက ရှိ သော်လည်း ၎င်းတို့လိုချင်သည့် အရည်အသွေးမီသည့်ဝါးက မိမိတို့မှာမရှိပါ။ ဝယ်လက်တွေက တောက်လျှောက်လာပါသည်။ ဝါးတွေကို သီးသန့်ဝယ်ကြပါသည်” ဟု ၎င်းက ဆက်လက် ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မျှစ်ချိုးသည့်ဧရိယာနှင့်ဝါးခုတ်သည့်ဧရိယာကို သတ်မှတ်၍ ဝါးတောများကို အဆင့်မြှင့်တင်ပေးရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ဝါးအရည်အသွေးများ ကောင်းမွန်လာနိုင်သည့်အတွက် နိုင်ငံတော်အတွက် ဝင်ငွေများလည်း ရှာဖွေပေးနိုင်မည်ဖြစ်သည်။ ဝါးသည် လျင်မြန်စွာကြီးပြင်းနိုင်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းစေခြင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ခြင်းနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းနိုင်ခြင်းစသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။
ကိုးကား-NP News