တရုတ် Dobot ကုမ္ပဏီမှ နံနက်စာချက်ပြုတ်နိုင်သည့် လူသားပုံစံ စက်ရုပ် (၂၇,၅၀၀ ဒေါ်လာ) ကို မိတ်ဆက်

News Image

  • တရုတ် Dobot ကုမ္ပဏီမှ နံနက်စာချက်ပြုတ်နိုင်သည့် လူသားပုံစံ စက်ရုပ် (၂၇,၅၀၀ ဒေါ်လာ) ကို မိတ်ဆက်

တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီ Dobot သည် CR-10 ဟုအမည်ရသည့် လူသားပုံစံ စက်ရုပ်အသစ်ကို ဒေါ်လာ ၂၇,၅၀၀ ဈေးနှုန်းဖြင့် မိတ်ဆက်ခဲ့သည်။ အဆိုပါစက်ရုပ်သည် နံနက်စာပြင်ဆင်ခြင်း၊ အိမ်မှုကိစ္စများလုပ်ဆောင်ခြင်းနှင့် အခြေခံဆေးဘက်ဆိုင်ရာ အကူအညီများ ပေးနိုင်စွမ်းရှိသည်။

စက်ရုပ်သည် မီးဖိုချောင်တွင် ကြက်ဥကြော်ခြင်း၊ ကော်ဖီဖျော်ခြင်း၊ အိမ်သန့်ရှင်းရေးအတွက် ဖုန်စုပ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ကျန်းမာရေးအတွက် အခြေခံသွေးဖိအားတိုင်းတာခြင်း၊ ဆေးမှတ်ချက်များသတိပေးခြင်း စသည့် နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်နိုင်သည့်အပြင် အသံဖြင့် ထိန်းချုပ်နိုင်ပြီး လူသားများ၏ အလေ့အထများကို သင်ယူနိုင်သည်ဟု ဆိုသည်။

Dobot ၏ ဒါရိုက်တာ Zhang Wei က “CR-10 သည် အိမ်တွင်းသုံးနှင့် လူမှုရေးဝန်ဆောင်မှုများအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ရောင်းချမည်” ဟု ပြောကြားခဲ့သည်။

CR-10 တွင် 4K ကင်မရာများဖြင့် အရာဝတ္ထုများကို တိကျစွာ မှတ်သားနိုင်သည့် အမြင်အာရုံစနစ်နှင့် လူသားကဲ့သို့ ချောမွေ့စွာလှုပ်ရှားနိုင်သည့် အဆစ် ၃၂ ခု ပါဝင်ပြီး တစ်ကြိမ်အားသွင်းလျှင် ၁၂ နာရီအထိ အသုံးပြု နိုင်မည်ဖြစ်သည်။

အဆိုပါမိတ်ဆက်မှုသည် တရုတ်နိုင်ငံ၏ လူသားပုံစံစက်ရုပ်ဈေးကွက်တွင် Tesla ၏ Optimus နှင့် Boston Dynamics ၏ Atlas တို့ကို ယှဉ်ပြိုင် လာသည့် အချက်ဖြစ်သည်။ ကျွမ်းကျင်သူများက CR-10 ၏ စျေးနှုန်းသည် အမေရိကန်နှင့် ဂျပန်ထုတ်ကုန်များထက် ၅၀% ခန့် သက်သာသည်ဟု မှတ်ချက်ပြုထားသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂