နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေ သတ်မှတ်

News Image

  • နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေ သတ်မှတ်

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး အပါအဝင် ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (မတ်လ ၂၈ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅၁ အချိန်ခန့်က ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် (၃) ခုခန့် လှုပ်ရှားခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့မြောက်)၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာလိုက်ကြောင်း သိရသည်။

“အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောလျင်စွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ထွက်ပေါ်လာနိုင်တဲ့ကောလာဟလတွေအပေါ်မှာ ယုံကြည်ခြင်းမရှိဘဲ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ အဆက်မပြတ် ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်များကိုသာ နဲ့အညီသာလိုက်နာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

ထို့ကြောင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင် ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိ စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း နေပြည်တော် (ကုတင် ၁၀၀ဝ) ဆေးရုံသို့ ရောက်ရှိနေသည့် လူနာများအား သွားရောက်ကြည့်ရှုနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

"မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရ လူနာတွေများပြားနေပါတယ်။ အဲဒီမှာ သွေးလိုအပ်ချက်လည်း များပြားပါတယ်။ သွေးအလှူရှင်များ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းက ဆေးရုံများနဲ့ အမြန်ဆုံးဆက်သွယ် ကုသိုလ်ပြုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

Source​: NP News