ရုရှားအရှေ့ဖျားဒေသတွင် ခရီးသည်တင်လေယာဉ် တစ်စင်းပျက်ကျ၊ လိုက်ပါလာသူအားလုံးသေဆုံး
ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိမြို့ကြီးတစ်မြို့အနီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူအားလုံးသေဆုံးသွားကြောင်း ရုရှားထောက်လှမ်းရေးအေဂျင်စီက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ An-24 အမျိုးအစားခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည်များအပါအဝင် စုစုပေါင်း ၄၉ ဦးလိုက်ပါလာပြီး တင်ဒါမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ပျက်ကျသွားခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် အမှုထမ်းခြောက်ဦး ပါဝင်ကြောင်းသိရသည်။
အင်ဂျင်နှစ်လုံးတပ် An-24 ခရီးသည်တင်လေယာဉ်သည် ဒေသတွင်းအချက်အချာကျသည့် ခါဗာရော့ဗ်မှ အခြားပြည်တွင်းခရီးစဉ်များအား ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်သည်။ ပျက်ကျသွားသည့် လေယာဉ်အပျက်အစီးများကို တင်ဒါလေဆိပ် မှ ၁၅ ကီလိုမီတာအကွာရှိသစ်တောထူထပ်သည့် တောင်ကြောအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြကြောင်းသိရသည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုမူ အာဏာပိုင်အဖွဲ့က စစ်ဆေးလျက်ရှိသည်။
An-24 အမျိုးအစားလေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များမှစ၍ လေကြောင်းခရီးစဉ်များတွင် စတင်အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်အထိ ရုရှားနိုင်ငံရှိအလွန်ဝေးကွာသည့် ခရီးလမ်းကြောင်းများတွင် ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရသည်။
Ref: RT, Xinhua