အင်္ဂပူ၊ လေးမျက်နှာအကြား AA တိုက်ပွဲဖော်မှုကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာပြေးနေရ
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ် အင်္ဂပူ၊ လေးမျက်နှာအကြားရှိ ရွာများတွင် AA ပူးပေါင်းအဖွဲ့ များတိုက်ပွဲဖော်မှုကြောင့် ဧရာဝတီဒေသခံများ အိုးအိမ်စွန့်ခွာပြေးနေရကြောင်း ဒေသခံများထံ NP News ၏ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
AA က ရခိုင်၊ ဧရာဝတီအစပ်၌ ပြီးခဲ့ သည့်(မတ်လ ၂၀ ရက်) ဝန်းကျင်ခန့်မှ စတင် တိုက်ပွဲဖော်ဆောင် နေရာ လက်ရှိတွင် ဝါးတောကွင်း၊ ပိန္နဲကွင်း၊ ပန်းတောကြီး၊ လဲခုံစသည့် ရွာတို့တွင် တိုက်ပွဲ ဖြစ်ပွားနေလျက် ရှိကြောင်း သိရသည်။
“အခုဖြစ်နေတာက အင်္ဂပူနဲ့ လေးမျက်နှာအဆက် ရိုးမဘက်ပေါ့။ မနေ့ကအထိကတော့ ပစ်တာခတ်တာတွေ ရှိတာပေါ့။ အစ်မတို့ရွာထဲမှာ PDF တွေ ရောက်နေတယ်။ ရွာမှာက ဖုန်းလိုင်းက တော့ရပေမယ့် ပိတ်ထားရတယ်။ သိမ်းတာတို့၊ စစ်တာတို့ ရှိတယ်လေ။ အစ်မတို့ ဘက်က စစ်ရှောင် ထွက်သွားတဲ့သူတွေကတော့ ပြန်ဝင်တယ် ဆိုတာ အခုထိမရှိသေးဘူး။ ရွာထဲမှာ ကျန်ခဲ့တဲ့သူလောက်ပဲ လောလောဆယ်က ရှိနေတာပေါ့နော်။ ရွာထဲမှာ သူတို့တိုက်ပွဲဖြစ်လာရင် ကုဖို့ (PDF) ဆေးခန်းတွေ ဖွင့်ထားတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ AA နှင့်ပူးပေါင်းအဖွဲ့များ ဧရာဝတီတိုင်းအတွင်းသို့ ဝင်လာသည့် လမ်းကြောင်းများနှင့်ပတ်သက်၍လည်း သာပေါင်းမြို့ရှိ ဒေသခံတစ်ဦးက “သာပေါင်းအခြေအနေက ငြိမ်နေပေမယ့် ကွင်းကောက်ဘက်ကလေးမှာ နည်းနည်းလှုပ်လှုပ်ဖြစ်နေတယ်။ ကွင်းကောက်ဘက်မှာ သစ်ထုတ်တဲ့ တောလမ်းဘက်က နည်းနည်းဖောက် ထားတော့ အဲဒီနေရာကနေ ယိုစိမ့်ပြီးတော့ ဝင်လာပုံပေါက်ပါတယ်။ ကွင်းကောက်၊ ပိန္နဲကွင်းဘက်မှာတော့ ပစ်တာ ခတ်တာတွေ နည်းနည်းရှိတယ်လို့ပြောတယ်။ ကွင်းကောက်ဘက်က နည်းနည်းဆူဆူဖြစ်သွားတယ်” ဟု NP News သို့ ပြောသည်။
ယခုကဲ့သို့ AA ပူးပေါင်းအဖွဲ့များ၏ တိုက်ပွဲဖော်မှုသည် သေနတ်သံမကြားလိုသောဒေသခံများကို စိတ်ပူပန်မှုဖြစ်စေ ပြီး အခြေမဲ့၊ အနေမဲ့ဖြစ်စေခြင်းကို ဦးတည်လုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း သာပေါင်းမြို့ရှိ ဒေသခံတစ်ဦးက ဆိုသည်။
“ရှောပြာတို့၊ ကုန်းပြင်တို့၊ လက်ပံပင်တို့ တတန်းလုံးဘက်ကလူတွေဆို (AA) ဘက်ကနေ တက်လာလို့ အကုန်ပြေး တယ်တဲ့။ အမြဲတမ်းပစ်တဲ့ အသံတွေတော့ ကြားတယ်။ အန်တီတို့လည်း စောင့်ကြည့်နေရတာပေါ့။ ပြေးဖို့၊ ရှောင်ဖို့ဆိုတာက မလွယ်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးခိုးချင်၊ ဝှက်ချင် နေတဲ့သူကရှိနေတော့ အခုအိမ်တွေမှာ ပစ္စည်းတွေထားပြီး သွားမယ်ဆိုရင် နောက်ပြန်လှည့်ကြည့်ရင် မရှိတော့ဘူး။ အမှန်က ခိုးချင်ဝှက်ချင်နေတဲ့သူတွေ က ထပြီးပြဿနာရှာတာမျိုးတွေဖြစ်နေတာပေါ့။ ကုန်းပြင်ဘက်က ရှောင်တဲ့သူတွေဆိုရင် ထားခဲ့ပြီး ပြန်လာလို့ ရှိရင် ဘာမှမရှိတော့ဘူး။ တချို့ကျတော့ လည်း နိုင်ငံရေးပျက်တာကို အခွင့်ကောင်းယူပြီး လုပ်တာမျိုးပေါ့” ဟု ငါးသိုင်းချောင်းမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသော ရွာများမှ ဒေသခံများတွင် ငွေကြေးအဆင်ပြေသူများက ရန်ကုန်၊ ပုသိမ်အစရှိသည့်မြို့များသို့ စစ်ရှောင်လာကြပြီး အခြေခံဒေသခံများအဖို့ တိုက်ပွဲမဖြစ်နိုင်သေးသော ရွာအချို့သို့သာ သွားရောက်စစ်ရှောင်နေကြရကြောင်း သိရသည်။
Source: NP News