မန္တလေးငလျင်ကြီးကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီး
လွန်ခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချက်စတာ စကေး ၇.၇ အဆင့်ရှိ မန္တလေးငလျင်ကြီးကြောင့် အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း၌ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
အလားတူ ယခင်က အင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့သော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီများ မရှိခဲ့သော်လည်း မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာ တွင် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီး တည်ထားသည့် နှစ်ထပ်စေတီများနှင့် သုံးထပ်လိုဏ်ဂူဘုရားများကို တွေ့ရှိခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ နှစ်ထပ်စေတီများကို သောတပန် ဘုရားအနီး အမှတ် ၉၃ စေတီ တွင် (၁) ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂) ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁) ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် (၁) ဆူ၊ မင်္ဂလာရပ် ကျောဘက် ဦးထွန်းနိုင်ယာခင်း အနီးတွင် (၂) ဆူ၊ ရှင်ပင်ခရေသီး တွင် (၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင် (၁)ဆူ၊ ပုလိပ်ဘုရားစုတွင် (၁) ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်း ဘုရားစု တွင် (၁) ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာ တွင် (၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် (၁)ဆူ၊ စုစုပေါင်း (၁၃)ဆူ ကိုစိစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁) ဆူ၊ မြစ်ငယ်တွင် (၃) ဆူ၊ စာတိုးမြို့ပြင်ကြီးတွင် (၁) ဆူဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သော်လည်း စုစုပေါင်း (၅) ဖြစ်ရမည့်အစား စုစုပေါင်း ၃ ဆူကို စိစစ် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့အတူ ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီ ဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံ အုတ် များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်းကတည်းက တည်ထား ခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တစ်ကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား (၉) ဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ်တွင် ဒုတိယ အကြိမ် ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း၊ အချို့သည် ပထမ အင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကို လည်းကောင်း ကနဦးစစ်ဆေးတွေ့ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-MHT