သမ္မတ ထရမ့် အပေါ်ထောက်ခံမှု ကျဆင်းနေကြောင်း လူထု စစ်တမ်းတွင် ပြသ

News Image

  • သမ္မတ ထရမ့် အပေါ်ထောက်ခံမှု ကျဆင်းနေကြောင်း လူထု စစ်တမ်းတွင် ပြသ

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်မှာ တနင်္ဂနွေနေ့ (ဧပြီ ၂၀) တွင် ၃ လ ပြည့်ပြီဖြစ်ပါသည်။ ၎င်း၏မူဝါဒ များသည် ပြည်တွင်းစီးပွားရေးကို အပျက်သဘောဆောင်သည့်သက်ရောက်မှုရှိနိုင်သည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အချိန် လတ်တလော ကောက်ယူခဲ့သော စစ်တမ်းများတွင် ၎င်းအပေါ် ထောက်ခံမှု နှုန်း ကျဆင်းသွားခြင်းကို ပြသနေပါသည်။

ထရမ့် တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချရန်နှင့် အခြားပြည်တွင်းပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်သည့် အခွန် စည်းကြပ်မှု အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

အမေရိကန် နိုင်ငံရေးသတင်းဝက်ဘ်ဆိုက် RealClearPolitics က ထရမ့် သမ္မတရာထူးတာဝန်ယူပြီး ၇ ရက်အကြာ ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ကောက်ယူသည့် သီးခြားစစ်တမ်းများတွင် ၎င်းအပေါ် ထောက်ခံမှုသည် ပျမ်းမျှအားဖြင့် ၅၀.၅ ရာခိုင်နှုန်း၊ ကန့်ကွက်မှု ၄၄.၃ ရာခိုင်နှုန်းရှိကြောင်း ဆိုပါသည်။

ထိုကာလနောက်ပိုင်း ၎င်းအပေါ် ထောက်ခံမှုသည် တဖြည်းဖြည်း ကျဆင်း လာပြီး မတ်လ ၁၃ ရက်နေ့တွင် ကန့်ကွက်မှုပိုသွားခဲ့ပါသည်။ ဧပြီလ ၁၈ ရက်နေ့တွင် ထောက်ခံမှု ၄၆.၅ ရာခိုင်နှုန်းရှိပြီး ကန့်ကွက်မှု ၅၀.၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။

Quinnipiac တက္ကသိုလ်က အမေရိကန်မဲဆန္ဒရှင် ၁,၄၀၇ ဦးကို ဦးတည်၍ ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ သဘောထား စစ်တမ်းတစ်ခု ကောက်ခံခဲ့ပြီး အဆိုပါစစ်တမ်းတွင် ထရမ့် ၏ ကိုင်တွယ်အုပ်ချုပ်မှုပုံစံ၊ စည်းကြပ်ခွန်အစီအမံများ၊ အခြားပြဿနာများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။

ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းက အခွန်စည်းကြပ်မှုသည် အမေရိကန် စီးပွားရေးအပေါ် ကာလတိုအတွက် အကျိုးရှိမည်ဟု ယုံကြည်ကြပြီး ၇၂ ရာခိုင်နှုန်း က အဆိုပါအစီအမံများသည် စီးပွားရေးကိုထိခိုက်စေမည်ဟု ယူဆကြောင်း ဖြေဆိုခဲ့ပါသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂