ဗလာဒီမာ ဇီလန်စကီးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေသည် ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြား

News Image

  • ဗလာဒီမာ ဇီလန်စကီးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေသည် ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြား

ယူကရိန်းခေါင်းဆောင် ဗလာဒီမီယာ ဇီလန်စကီး၏ နယ်မြေဆိုင်ရာ လိုက်လျောမှုမှုများကို ဆွေးနွေးရန် ငြင်းဆန်ခြင်းသည် ပဋိပက္ခကို ရှည်လျားစေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ ပါသည်။ 

ရုရှားနှင့် ဆွေးနွေးမှုများကို ဆက်လက်ရပ်တန့်ထားပါက ယူကရိန်း ခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးအနေဖြင့် ၎င်း၏နိုင်ငံတစ်ခုလုံးကို ဆုံးရှုံးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ယက် Truth Social တွင် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ ရက်) က ရေးသားခဲ့ပါသည်။

ယူကရိန်းသည် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှား၏ အစိတ်အပိုင်းအဖြစ် တရားဝင်အသိအမှတ်ပြုရန် ဆွေးနွေးမည်မဟုတ်ကြောင်း ဇီလန်စကီး က အစောပိုင်းတွင် လူသိရှင်ကြားကြေညာခဲ့ပါသည်။ ယင်းသည် အမေရိကန် ၏ထောက်ခံမှုဖြင့် ဥရောပ ကျောထောက်နောက်ခံပြုသူများနှင့် တွေ့ဆုံပွဲတွင် တင်ပြမည့် ငြိမ်းချမ်းရေးအဆိုပြုချက်၏ အဓိကအချက်ဖြစ်သည်။ ၎င်းအနေဖြင့် အဆိုပါငြင်းဆန်မှုပြီးနောက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ ထိပ်တန်းအဖွဲ့ဝင်များက စီစဉ်ထားသော ဆွေးနွေးပွဲများမှ နုတ်ထွက်ခဲ့ပြီး ယင်းတွေ့ဆုံမှုကို နောက်ဆုံးမိနစ်တွင် “အဆင့်လျှော့ချ” ခဲ့ပါသည်။

“ခရိုင်းမီးယားသည် လွန်ခဲ့သည့်နှစ်များကတည်းက ဆုံးရှုံးခဲ့ရပြီဖြစ်သောကြောင့် ထိုကြေညာချက်သည် ရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထိခိုက်စေသည်” ဟု ဒေါ်နယ်ထရမ့်က၎င်း၏ လူမှုကွန်ယက်တွင် ရေးသားကာ ဇီလန်စကီးသည် ပဋိပက္ခကို ပိုမိုရှည်လျားစေသည်ဟု ပြောကြားခဲ့ပါသည်။ 

“ယူကရိန်းအတွက် အခြေအနေသည် အလွန်ဆိုးရွားနေပါသည်။ ၎င်းသည် ငြိမ်းချမ်းရေးကိုရရှိနိုင်သည် (သို့မဟုတ်) နောက်ထပ် သုံးနှစ်ကြာ တိုက်ပြီး တစ်နိုင်ငံလုံးဆုံးရှုံးလိမ့်မည်” ဟု ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ ရက်) တွင် ၎င်း၏ Truth Social တွင် ဖော်ပြခဲ့ပါသည်။

ဆွေးနွေးမှုများတွင် ဇီလန်စကီးသည် အားနည်းသော ညှိနှိုင်းရေးအခြေအနေရှိကြောင်း ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါသည်။ “မိမိတို့က သဘောတူညီမှုတစ်ခုနှင့် အလွန်နီးစပ်နေသော်လည်း ‘ကစားရန် ကတ်မရှိသော’ သူသည် နောက်ဆုံးတွင် ၎င်းကို ရရှိသင့်သည်” ဟု ၎င်းက ရေးသားခဲ့ပါသည်။

အမေရိကန်သည် ပဋိပက္ခကိုဖြေရှင်းရန်နှင့် ယူကရိန်းသို့အပ်နှံထားသော လက်နက်ငွေကြေးဘီလီယံချီကို ပြန်လည်ရယူရန် သတ္တုတူးဖော်ရေး သဘောတူညီချက်တစ်ရပ်ကို စီစဉ်နေစဉ် ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် နှစ်ဖက်ဆွေးနွေးမှုများ၏ အရှိန်နှေးနေမှုကို စိတ်ရှည်မှု မရှိတော့ဘဲ အဆိုပါကြိုးပမ်းမှုများကို စွန့်လွှတ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသည်။

“လုံလောက်သောတိုးတက်မှုမရှိပါက အခြားဦးစားပေးမှုများဆီသို့ မိမိ တို့ရွှေ့ပြောင်းရန် လိုအပ်နိုင်သည်” ဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အင်္ဂါနေ့(ဧပြီ ၂၂ရက်)တွင် Free Press နှင့်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား - RT