ရုရှားသမ္မတ ပူတင်နှင့် အိုမန် ဆူလတန်တို့ ဆွေးနွေးပွဲကျင်းပ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မော်စကိုသို့ အလည်အပတ် ရောက်ရှိနေသော အိုမန်နိုင်ငံ ဆူလတန် Haitham bin Tariq Al Said တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း TASS သတင်းထောက်၏ သတင်းအရ သိရပါသည်။
အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များအပါအဝင် ပူးတွဲဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာရေးရာ အရေးကြီးကိစ္စများနှင့် အီရန်၏ နျူကလီးယား အစီအစဉ်များလည်း ဆွေးနွေးမည့် အကြောင်းအရာ များတွင် ပါဝင်နိုင်သည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသည် သဘောတူညီချက် ၁၀ ခုကို လက်မှတ် ရေးထိုးရန် စီစဉ်ထားပြီး ယင်းတို့တွင် နှစ်နိုင်ငံ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာလိုအပ်ချက် ပယ်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်လည်း ပါဝင်ပါသည်။ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်းရန် ပရိုတိုကောလ်လည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃