တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးကူညီလျက်ရှိဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဘက်အသီးသီး၏ ဆန္ဒ နှင့် ရည်မှန်းချက်များအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို တက်တက်ကြွကြွ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်သော Myanmar National Democratic Alliance Army (MNDAA) သည် ရှမ်းပြည်နယ်၊ လားရှိုးမြို့၏ မြို့ပေါ်နေရာများမှ ဧပြီ ၂၂ ရက် နံနက်အစောပိုင်းတွင် ဆုတ်ခွာသွားကာ ယင်းမြို့အား ထိန်းချုပ်မှုကို တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ကော၏ မှတ်ချက် စကား ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ လားရှိုးမြို့အား ပြန်လည် လွှဲပြောင်းပေးမှုကို တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့သလို တရုတ် နိုင်ငံက အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်း လားရှိုးမြို့ သို့ မကြာသေးမီက စေလွှတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ “တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပါသည်” ဟု နေ့စဉ် သတင်းစာ ရှင်းလင်းပွဲ၌ ကောက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှုရှိအောင် ထိန်းသိမ်းခြင်းက နှစ်နိုင်ငံ အတွက် သာမက နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို လေးစားကာ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီး၏ ဆန္ဒနှင့် ရည်မှန်းချက်များအရ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများကို တက်တက်ကြွကြွ ပံ့ပိုးကူညီလျက်ရှိကြောင်း ကောက ပြောကြားခဲ့သည်။ ကူမင်းမြို့၌ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် ရရှိခဲ့သော ဘုံသဘောတူညီမှုများကို လက်တွေ့ ဖော်ဆောင်ရေး အတွက် ၎င်းတို့၏ ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံအနေဖြင့် တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှုကို ကြီးကြပ်ရန် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့အား လားရှိုးမြို့သို့မကြာမီက စေလွှတ်ခဲ့ပြီး လားရှိုးမြို့၏ မြို့ပေါ်နေရာများအား ချောမွေ့စွာ လွှဲပြောင်းမှုကို အသိသက်သေပြုခဲ့သည်ဟု ကောက ဆိုသည်။ နှစ်ဖက် စလုံးကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကို ထိန်းသိမ်းရာ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မှု အတွက် တရုတ်နိုင်ငံအား ချီးကျူးကာ ကျေးဇူးတင်လျက်ရှိကြောင်း ကော က ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံအနေဖြင့် ကူမင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို ရှေ့ဆက်ဖော်ဆောင်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ခိုင်မာသေချာစေရန်အတွက် ပဋိပက္ခ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အားပေးထောက်ကူရာမှာ တစ်တပ်တစ်အား ပါဝင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂