အနောက်နိုင်ငံများသည် ယူကရိန်း၌ ကျရှုံးပြီးနောက် ရုရှားဖက်ဒရေးရှင်း နှင့် မော်လ်ဒိုဗာနိုင်ငံကို မတည်ငြိမ်ဖြစ်အောင် လုပ်ဆောင်လိမ့်မည်ဟု ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူက ပြောကြား
ယူကရိန်းနှင့်ပတ်သက်၍ မအောင်မြင်သောစီမံကိန်းများကြောင့် အနောက်နိုင်ငံများသည် ရုရှား၊ မော်လ်ဒိုဗာနှင့် ထရန်ကော့ကေးဆပ် ဒေသများတွင် မတည်ငြိမ်ဖြစ်အောင် လှုံ့ဆော်ရန် ကြိုးပမ်းလာမည်ဖြစ်ကြောင်း ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူက TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
“ဤသည်မှာ ရုရှားကို မဟာဗျူဟာမြောက်ရှုံးနိမ့်အောင်မလုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာတွင် ဂုဏ်သတင်းကို မထိခိုက်စေနိုင်ခြင်း၊ စီးပွားရေးကို မဖျက်ဆီးနိုင်ခြင်း၊ ပြည်တွင်းရေးရာတည်ငြိမ်မှုကို အားမနည်းစေနိုင်ခြင်းတို့ကို ရန်လိုသောနိုင်ငံများက နားလည်သဘောပေါက်လာကြသည်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့ပါသည်။ အနောက်နိုင်ငံများအတွက် ထိုကဲ့သို့ မထင်မှတ်ထားသော အခြေအနေများဖြစ်ပေါ်လာခြင်းသည် ၎င်းတို့၏ လွှမ်းမိုးမှုကို ထိန်းသိမ်းရန် နည်းလမ်းအသစ်များကိုရှာဖွေရန် တွန်းအားပေးလျက်ရှိကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ က ပြောကြားခဲ့ပါသည်။
“ရုရှားကို စစ်မြေပြင်တွင်ဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ အနိုင်ယူရန် (ယူကရိန်းကို ‘ရုရှားဆန့်ကျင်ရေး’ အဖြစ် ဆက်လက်တည်ရှိစေရန်) သည် အနောက်တိုင်းအထက်တန်းလွှာများအတွက် အဓိက ဦးစားပေး ဖြစ်နေဆဲ ဖြစ်သည်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ထို့အပြင် ရုရှားဖက်ဒရေးရှင်းနှင့် အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် တောင်ကော့ကေးဆပ်စ်နှင့် မော်လ်ဒိုဗာ) တွင် အတွင်းပိုင်း မတည်ငြိမ်မှုများ ဖန်တီးရန်နှင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိက ရှိ စစ်မှန်သောလွတ်လပ်ရေးကို ရယူရန်ကြိုးပမ်းနေသော ကမ္ဘာ့တောင်ပိုင်း နိုင်ငံများတွင် ‘အရောင်တော်လှန်ရေးများ’ အတွက် ပြင်ဆင်ရန် လုံ့လ စိုက်ထုတ်အားထုတ်မှုများစွာကို ပြုလုပ်နေကြသည်” ဟု ဆာဂေးရှိုးဂူ က ပြောကြားခဲ့ပါသည်။
ထိုအရာအားလုံးသည် ရုရှား၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများ၏ သဘောသဘာဝကို ပြောင်းလဲစေပြီး စိန်ခေါ်မှုအသစ်များ၊ အန္တရာယ်များနှင့် အခွင့်အလမ်းများကို ဖန်တီးနေကြောင်း ထောက်ပြခဲ့သည်။ လုံခြုံရေးနယ်ပယ်တွင်အခြေအနေများ ရှုပ်ထွေးနေဆဲဖြစ်သော်လည်း “ရုရှားသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် သတင်းအချက်အလက်ဖိအားများကို အောင်မြင်စွာရင်ဆိုင်နေသည်” ဟု ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူ က အလေးထားပြောကြားခဲ့ပါသည်။
ကိုးကား - Tass